ဘန်ကောက်ဗုံး သံသယရှိသူ တရုတ်နိုင်ငံသားဖြစ်

ဓာတ်ပုံ ရင်းမြစ်, AFP
ထိုင်း နိုင်ငံ၊ ဘန်ကောက် မြို့လယ်က နတ်ကွန်းအနီး ဗုံးခွဲမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးထားတဲ့ အဓိက သံသယရှိသူဟာ တရုတ် နိုင်ငံသား ဖြစ်တယ်လို့ နှစ်ဘက် နိုင်ငံ အာဏာပိုင်တွေက ပြောလိုက်ပါတယ်။
သံသယ ရှိသူ Yusufu Mieraili ဟာ တရုတ်ပြည် အနောက်ပိုင်းက လူနည်းစု ဝီဂါ မွတ်ဆလင်တွေ နေထိုင်ရာ ရှင်ကျန်း ပြည်နယ်မှာ မွေးဖွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဘန်ကောက်မြို့လယ်က ဗုံးခွဲ တိုက်ခိုက်မှုဟာ ရှင်ကျန်း ပြည်နယ်က ခွဲထွက်ရေး မွတ်ဆလင်တွေရဲ့ လက်ချက် ဖြစ်နိုင်ကြောင်း တရုတ် အရာရှိ တစ်ဦးက ဂလိုဘယ် တိုင်းမ်စ် သတင်းစာကို ပြောခဲ့ပါတယ်။
သြဂုတ် ၁၇ ရက်က ဖြစ်ခဲ့တဲ့ ဧရာဝဏ် နတ်ကွန်း အနီး ဗုံးခွဲ တိုက်ခိုက်မှုကြောင့် လူ ၂၀ သေဆုံး ခဲ့ရပါတယ်။
သံသယရှိသူ Yusufu Mieraili က သူဟာ နတ်ကွန်းအနီး ဗုံးထောင်ခဲ့သူကို ဗုံးထည့်ထားတဲ့ အိတ်ကို လက်လွှဲ ပေးခဲ့တာ ဖြစ်တယ်လို့ ဝန်ခံ ထွက်ဆို ခဲ့တယ်လို့ ထိုင်း ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။
ဖောက်ခွဲရေး ပစ္စည်းတွေ ရှာတွေ့ခဲ့တဲ့ ဘန်ကောက်မြို့စွန် တိုက်ခန်းကနေ အခု ဝန်ခံ ထွက်ဆိုသူက ဗုံးအိတ်ကို ဘူတာရုံကို သယ်သွားခဲ့ပြီး ဗုံးထောင်သူကို လက်လွှဲ ပေးခဲ့တာလို့ ပြောပါတယ်။
ဒီကနေ့ ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ သူ့ကို ဘန်ကောက် ဘူတာရုံကို ခေါ်သွားပြီး အိတ် လွှဲပြောင်း ပေးခဲ့ပုံကို ပြန် သရုပ်ဆောင် ခိုင်းခဲ့ကြပါတယ်။
ဒီအမှုနဲ့ ပတ်သက်ပြီး နိုင်ငံခြားသား ၂ ဦးကို ဖမ်းဆီးထားပြီး၊ ဗုံးအိတ်ကို နေရာမှာ ထောင်ခဲ့တဲ့ စီစီတီဗီထဲက အဝါရောင် တီရှပ်နဲ့ လူကိုတော့ ဖမ်းမိခြင်း မရှိသေးပါဘူး။








