အီးယူ အစီအစဉ်၊ သမုဒ္ဒရာထဲက ရေတစ်စက်ဟုဆို

ဓာတ်ပုံ ရင်းမြစ်, AFP
ခိုလှုံခွင့် တောင်းခံသူ ၁ သိန်း ၆ သောင်း ထပ်လက်ခံမယ့် ဥရောပ သမဂ္ဂရဲ့ အစီအစဉ်ဟာ သမုဒ္ဒရာထဲက ရေတစ်စက်သာ ဖြစ်တယ်လို့ ဂျာမနီ ဒုတိယ ဝန်ကြီးချုပ်က ပြောလိုက်ပါတယ်။
အခုနှစ်အတွင်း ရွှေ့ပြောင်းသူ အရေအတွက် ၄ သိန်းခွဲ ဂျာမနီကို ရောက်ရှိပြီး ဖြစ်ကာ စက်တင်ဘာလရဲ့ ပထမ ၈ ရက် အတွင်းမှာတင် ၃ သောင်း ၇ ထောင် ရှိခဲ့တယ်လို့ ဂျာမနီ ဒုဝန်ကြီးချုပ် ဆစ်ဂ်မာ ဂါဘရီရယ် က ဆိုပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်းမှာ ဆီးရီးယား ဒုက္ခသည် အများစု ပါဝင်တဲ့ ရွှေ့ပြောင်းသူတွေ သောင်းနဲ့ချီပြီး ဥရောပ မြောက်ပိုင်းကို တိုးဝင် ရောက်ရှိ ခဲ့ကြပါတယ်။
ဆားဗီးယားမှာလည်း ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရွှေ့ပြောင်းသူ ၅ ထောင်လောက် ဟန်ဂေရီ နယ်စပ်ကို စံချိန်တင် ရောက်ရှိ လာတယ်လို့ ဆားဗီးယား တီဗီက ပြောပါတယ်။
ဟန်ဂေရီမှာတော့ ရွှေ့ပြောင်းသူတွေ ဝင်မလာနိုင်အောင် သူ့နယ်စပ် စည်းရိုးကို ကာကွယ်ဖို့ ပြင်ဆင်တဲ့ အနေနဲ့ အစောပိုင်းက စစ်ဆင်ရေး တစ်ခုကို စတင် လိုက်တဲ့အတွက် လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန် ခဲ့ကြပါတယ်။
တချိန်တည်းမှာပဲ ဟန်ဂေရီကနေ သြစတြီးယား ဘက်ကို ပြီခဲ့တဲ့ နာရီပိုင်းအတွင်း လူပေါင်း ၅ ထောင့် ၇ ရာလောက် နယ်စပ်ဖြတ်ကျော် ရောက်ရှိခဲ့တယ်လို့ သြစတြီးယား အစိုးရက ပြောပါတယ်။




