အီးယူနဲ့ ရွှေ့ပြောင်းဝင်ရောက်လာသူများ

ဧပြီလထဲမှာ ရွှေ့ပြောင်းသူတွေကို မက်စီဒိုနားက နယ်စပ်ပိတ်လိုက်လို့ ရုတ်ရုတ်သဲသဲဖြစ်။

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ, ဧပြီလထဲမှာ ရွှေ့ပြောင်းသူတွေကို မက်စီဒိုနားက နယ်စပ်ပိတ်လိုက်လို့ ရုတ်ရုတ်သဲသဲဖြစ်။

အရှေ့အလယ်ပိုင်း နဲ့ အာဖရိက ဒေသတွေက ဝင်ရောက်လာသူတွေ တဟုန်ထိုးများလာတဲ့အတွက် ဥရောပသမဂ္ဂ အီးယူနိုင်ငံတွေ ဖြစ်တဲ့ အီတလီ၊ ဂရိ နဲ့ ဟန်ဂေရီနိုင်ငံတို့ဟာ ဖိအားတွေနဲ့ အကြီးအကျယ် ရင်ဆိုင်နေကြရပါတယ်။

ဂရိနိုင်ငံနဲ့ အီတလီနိုင်ငံကို သွားရောက်မယ့် လူတွေအပြည့်အသိပ်တင်လာတဲ့ လှေတွေ မြေထဲပင်လယ်ကိုဖြတ်ကူးခဲ့ချိန်မှာ နစ်မြုတ်ခဲ့လို့ သေသူ ၂၅၀၀ လောက်ရှိတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

အရှေ့အလယ်ပိုင်းဒေသနဲ့ အာဖရိက ကနေ ဥရောပဘက်ကို သွားမယ့် ရွှေ့ပြောင်းနေထိုင်သူ အရေအတွက်ဟာ ၂၀၁၄ ခုနှစ်နဲ့ယှဉ်ရင် အဆမတန် များလာတာ တွေ့ရပါတယ်။

အန္တရာယ်များတဲ့ ခရီးလမ်းကို ဖြတ်ဖို့ကြိုးစားတဲ့ လူထောင်ပေါင်းများစွာရဲ့ ရည်မှန်းချက်ကတော့ ဘောလ်ကန်ဒေသ အနောက်ပိုင်းကတဆင့် ဂျာမဏီနဲ့ တခြား အီးယူ မြောက်ဘက်ပိုင်း နိုင်ငံတွေကို ရောက်ရှိဖို့ ဖြစ်ပါတယ်။

လူပေါင်း ဘယ်လောက် ဒီလို ရွှေ့ပြောင်းနေကြသလဲ

ဒီနှစ် အခုအချိန်ထိအတွင်းမှာ မြေထဲပင်လယ်ကို ဖြတ်ပြီး ဥရောပဘက်ကို သက်စွန့်ဆံဖျား ဝင်ရောက်ဖို့ ကြိုးစားကြသူပေါင်း ၃ သိန်းကျော်ရှိတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ ၂၀၁၄ ခုနှစ် တနှစ်လုံး ရွှေ့ပြောင်းနေထိုင်သူအရေအတွက်ဟာ ၂ သိန်းကျော်သာ ရှိခဲ့ပါတယ်။

လူပေါင်း ၂ သိန်းနီးပါးလောက် ဒီနှစ်ဆန်းပိုင်းကစပြီး ဂရိနိုင်ငံကို ရောက်ခဲ့ကြပြီး ကျန် ၁ သိန်း ကျော်ကတော့ အီတလီနိုင်ငံကို ရောက်ရှိခဲ့ကြပါတယ်။

ဇူလိုင်လထဲမှာ ဂရိနိုင်ငံကျွန်းတွေကို ရွှေ့ပြောင်းဝင်လာသူ ၅ သောင်း ရောက်ရှိလာ။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ဇူလိုင်လထဲမှာ ဂရိနိုင်ငံကျွန်းတွေကို ရွှေ့ပြောင်းဝင်လာသူ ၅ သောင်း ရောက်ရှိလာ။

ဂရိနိုင်ငံကို သွားသူတွေဟာ တူရကီကနေ တဆင့် Kos, Chios, Lesvos, Samos စတဲ့ ကျွန်းတွေကို ရာဘာလှေ၊ သစ်သားလှေတွေနဲ့ သွားကြတာ ဖြစ်ပါတယ်။ လစ်ဗျားနိုင်ငံကနေ အီတလီကို သွားတဲ့ခရီးဟာ အချိန်ကြာပြီး အန္တရာယ် ပိုကြီးပါတယ်။

၂၀၁၅ ခုနှစ် အတွင်းမှာ ဆိုးရွားတဲ့ စိတ်မကောင်းစရာ အဖြစ်အပျက်တွေ ဖြစ်ပွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၇ ရက်နေ့မှာ လစ်ဗျားနိုင်ငံ Zuwara ကနေ ထွက်ခွာခဲ့တဲ့ ရွှေ့ပြောင်းသူ ၅၀၀ လောက်ကို တင်ဆောင်လာတဲ့ လှေ ၂ စီး နစ်မြှပ်ခဲ့ပါတယ်၊

ဩဂုတ်လ ၂၇ ရက်နေ့မှာပဲ ဆီးရီးယားက ရွှေ့ပြောင်းလာတယ်လို့ ယူဆရသူတွေရဲ့ အလောင်း ၇၁ လောင်းကို စွန့်ပစ်ထားတဲ့ လော်ရီကားတစ်စင်းပေါ်မှာ တွေ့ခဲ့ရပါတယ်။

ဒါ့အပြင် အီတလီနိုင်ငံ Lampedusa ကျွန်းအနီး သင်္ဘောပျက်ခဲ့တဲ့အတွက် ဧပြီလ ၁၉ ရက်နေ့က လူပေါင်း ၈၀၀ ခန့် သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီ အစောပိုင်းကလည်း မြေထဲပင်လယ်ကို ဖြတ်ကူးဖို့ကြိုးစားတဲ့ ရွှေ့ပြောင်းသူတွေ အနည်းဆုံး ၃၀၀ လောက် ရေနစ်သေဆုံးခဲ့ပါတယ်။

ဒီလို အသက်မသေဘဲ လွတ်မြောက်လာသူတွေကျပြန်တော့လည်း လူမှောင်ခိုတွေရဲ့ အနိုင်ကျင့်မှုတွေကို ခံခဲ့ကြရပါတယ်။ သူတို့ဟာ လူမှောင်ခိုတွေကို တစ်ယောက်အတွက် ဒေါ်လာ ထောင်ချီ ပေးကြရသလို လမ်းခရီးမှာ လုယက်မှုတွေနဲ့လည်း ကြုံခဲ့ကြရပါတယ်။

အီးယူ နိုင်ငံတွေကို တရားမဝင်တဲ့ လမ်းကြောင်းတွေကနေ ရွှေ့ပြောင်းနေထိုင်သူတွေ ဝင်ရောက်။
ဓာတ်ပုံ ပုံစာ, အီးယူ နိုင်ငံတွေကို တရားမဝင်တဲ့ လမ်းကြောင်းတွေကနေ ရွှေ့ပြောင်းနေထိုင်သူတွေ ဝင်ရောက်။

လစ်ဗျားနိုင်ငံမှာ မတည်ငြိမ်တဲ့အခြေအနေတွေကြောင့် လူမှောင်ခိုတွေက ရွှေ့ပြောင်းနေထိုင်သူတွေအပေါ် အမြတ်ထုတ်ဖို့ အခွင့်အရေးတွေ ရရှိခဲ့ကြပါတယ်။

သူတို့ ဘယ်ကလာတာလဲ

ဒီနှစ်အတွင်း ဥရောပကို အများဆုံး ရွှေ့ပြောင်းဝင်လာသူတွေထဲမှာ သူတို့နိုင်ငံရဲ့ ဆိုးရွားတဲ့ ပြည်တွင်းစစ်ကြောင့် ထွက်ပြေးနေကြတဲ့ ဆီးရီးယား နိုင်ငံသားတွေက အများဆုံးဖြစ်ပြီး ဆင်းရဲမွဲတေမှုနဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကြောင့် ထွက်ပြေးလာကြတဲ့ အာဖဂန်နဲ့ အီရစ်ထရီးယန်း တွေက ဒုတိယအများဆုံးဖြစ်ပါတယ်။

ရွှေ့ပြောင်းနေထိုင်သူတွေ အဓိက ဝင်ရောက်တဲ့ လမ်းကြောင်းများ။
ဓာတ်ပုံ ပုံစာ, ရွှေ့ပြောင်းနေထိုင်သူတွေ အဓိက ဝင်ရောက်တဲ့ လမ်းကြောင်းများ။

ကိုဆိုဗိုက ဝင်ရောက်လာသူအများအပြားကို လက်ခံထားနေရတဲ့ အီတလီနိုင်ငံမှာတော့ နောက်ထပ် ဝင်ရောက်လာသူတွေထဲမှာ အီရစ်ထရီးယား ( Eritrea) က အများဆုံးဖြစ်ပြီး သူ့နောက်မှာ နိုင်ဂျီးရီးယားက ဝင်လာသူတွေရှိနေပါတယ်။ ဂရိနိုင်ငံမှာတော့ အာဖဂန်က လာသူတွေထက် ဆီးရီးယားဘက်က လာသူတွေက ပိုမိုများတာ တွေ့ရပါတယ်။

သူတို့ ဘယ်ကို ဆက်သွားကြမလဲ

အီးယူနိုင်ငံတွေမှာ ခိုလှုံခွင့်လျှောက်ထားတဲ့ စာရင်းတွေအရ ဒီနှစ်အတွင်းမှာ ဂျာမဏီနိုင်ငံကို ဒုက္ခသည် ၈ သိန်း ရောက်လာဖို့ရှိပါတယ်။ ရွှေ့ပြောင်းနေထိုင်သူတွေဟာ ဂရိနဲ့ အနောက်ပိုင်း ဘောလ်ကန်ဒေသတွေကတဆင့် ဂျမဏီနဲ့ တခြား အီးယူနိုင်ငံတွေကို လာရောက်ကြတာ ဖြစ်ပါတယ်။ ရှေ့လာမယ့်လတွေမှာဆို တနေ့ကို လူပေါင်း ၃ ထောင်လောက် မက်ဆီဒိုနား ဒေသကို ရောက်လာဖို့ရှိတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

ရွှေ့ပြောင်းနေထိုင်သူ ၉ သောင်းလောက်ဟာ ဒီနှစ်ထဲမှာ ဆာဗီးယား ကတဆင့် နိုင်ငံကူးလက်မှတ်မလိုအပ်ဘဲ လွတ်လပ်စွာခရီးသွားလာနိုင်တဲ့ Schengen ဇုံအတွင်းရှိ အီးယူ နိုင်ငံတွေနဲ့ ဟန်ဂေရီ နိုင်ငံကို ဦးတည်သွားကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် တလတည်းမှာပဲ ရွှေ့ပြောင်းသူ ၃ သောင်းကျော်ဟာ ဆာဗီးယားကတဆင့် ဟန်ဂေရီနိုင်ငံကိုသွားဖို့ ရောက်လာကြပါတယ်။

အခုလို လူတွေ အစုအပြုံလိုက် ဝင်လာနေတဲ့အတွက် ၁၇၅ ကီလိုမီတာ အရှည်ရှိတဲ့ razor-wire သံဆူးကြိုး ခြံစည်းရိုးကို ဟန်ဂေရီက နယ်စပ်တလျှောက်မှာ အခိုင်အမာ ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ဟန်ဂေရီက တဆင့်ထွက်သွားကြတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကိုလည်း သူတို့နိုင်ငံကို ပြန်မပို့ဖို့ တခြားအီးယူနိုင်ငံတွေကို ပြောကြားခဲ့ပါတယ်။

ဩစတြီးယားနဲ့ ဂျာမနီနိုင်ငံတွေဆီသွားမယ့် ရထားတွေပေါ်မှာ ရွှေ့ပြောင်းဝင်ရောက်သူ ရာပေါင်းများစွာရှိလာတဲ့အတွက် ဟန်ဂေရီနိုင်ငံ၊ ဘူဒါပက်စ်မြို့ရဲ့ ဘူတာရုံကို ဟန်ဂေရီအာဏာပိုင်တွေက ၂ ရက် ပိတ်ပစ်ခဲ့ပါသေးတယ်။

အီးယူ ဥရောပသမဂ္ဂရဲ့ စည်းကမ်း သတ်မှတ်ချက်အရ ရွှေ့ပြောင်းဝင်ရောက်သူတွေရဲ့ခိုလှုံခွင့်ကို သူတို့ ပထမဆုံး ရောက်တဲ့နိုင်ငံကနေ တာဝန်ယူဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။

ဂရိနိုင်ငံကတော့ သူတို့ထံ အရင်ဆုံး ရောက်လာတဲ့သူတွေ များနေတာကို ထုတ်ဖော်ပြောဆိုနေပြီး ဂျာမဏီကတော့ အီးယူရဲ့ စည်းကမ်းသတ်မှတ်ချက်တွေကို ဆိုင်းငံ့ထားပြီး ခိုလှုံခွင့် လျှောက်ထားသူတွေထဲက လူများစုဖြစ်တဲ့ ဆီးရီးယားတွေကို အရင်စဉ်းစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဩစတြီးယားကတော့ ခိုလှုံခွင့်တောင်းခံသူ ၈ သောင်းလောက်ရှိမယ်လို့ မှန်းထားပါတယ်။

စစ္စလီကျွန်းကို ရောက်လာတဲ့ ရွှေ့ပြောင်းဝင်ရောက်လာသူတွေ။
ဓာတ်ပုံ ပုံစာ, စစ္စလီကျွန်းကို ရောက်လာတဲ့ ရွှေ့ပြောင်းဝင်ရောက်လာသူတွေ။

ဒီအကျပ်အတည်းကို နိုင်ငံရေးသမားတွေ ဘယ်လို ဖြေရှင်းနေကြသလဲ

ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ အီးယူခေါင်းဆောင်တွေက သူတို့ရဲ့ ငွေကြေးထောက်ပံ့မှု ရန်ပုံငွေကို ယူရို သန်း ၁၂၀ အထိ သုံးဆ တိုးမြှင့်ဖို့ သဘောတူခဲ့ကြပါတယ်။

ဒါပေမယ့် ကတိပေးထားတဲ့အတိုင်း ထည့်ဝင်မှုမရှိကြောင်း အီးယူရဲ့ ပြင်ပ နယ်ခြားစောင့်တပ်ဖွဲ့ Frontex က ပြောကြားခဲ့ပါတယ်။ အီးယူအဖွဲ့ဝင်တွေက ရန်ပုံငွေထည့်ဖို့ မတတ်နိုင်ကြောင်း ပြောဆိုတဲ့အတွက် အီတလီကလည်း သူရဲ့ရှာဖွေကယ်ဆယ်ရေး အဖွဲ့ကို မနှစ်က ရပ်နားခဲ့ပါတယ်။

ဧပြီလမှာ မြေထဲပင်လယ်အတွင်း ကင်းလှည့်ရေး အစီအစဉ်တွေကို အားဖြည့်လုပ်ကိုင်ဖို့၊ လူမှောင်ခို ကွန်ယက်တွေကို နှိမ်နင်းဖို့နဲ့ ရွှေ့ပြောင်းသူတွေကို မတင်ဆောင်ခင် လှေတွေကို ရှာဖွေ ဖျက်ဆီးပစ်ဖို့ အီးယူခေါင်းဆောင်တွေက သဘောတူခဲ့ကြပါတယ်။

ဒါပေမယ့် အီးယူနိုင်ငံတွေကို ရောက်လာတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းပေးနေသလဲ ဆိုတာဟာ အဓိက မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။

လာမယ့် ၂ နှစ်ကျော်မှာ ဆီးရီးယန်း ၄ သောင်းနဲ့ အီရစ်ထရီးယန်းတွေကို ညီတူမျှတူ လက်ခံဖို့ ဥရောပနိုင်ငံတွေကို တိုက်တွန်းတဲ့ အီးယူရဲ့ ကြိုးပမ်းချက်ဟာလည်း မအောင်မြင်ခဲ့ဘဲ နောက်ဆုံးမှာတော့ လူ ၃ သောင်းကျော်လောက်ကိုသာ လက်ခံဖို့ သဘောတူခဲ့ကြပါတယ်။

ကုလသမဂ္ဂဒုက္ခသည် စခန်းတွေမှာ အခုလောလောဆယ်ရှိနေတဲ့ နောက်ထပ် ဒုက္ခသည် ၂ သောင်းကို အီးယူနိုင်ငံတွေကို လွဲပြောင်းပေးဖို့ ရှိနေပါတယ်။

အီတလီတောင်ပိုင်း ရိုဆာနိုမြို့ရှိ ရွှေ့ပြောင်းဝင်ရောက်သူတွေအတွက် အရေးပေါ်စခန်းတစ်ခု။

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ, အီတလီတောင်ပိုင်း ရိုဆာနိုမြို့ရှိ ရွှေ့ပြောင်းဝင်ရောက်သူတွေအတွက် အရေးပေါ်စခန်းတစ်ခု။

ဒီကိစ္စကို အီယူနိုင်ငံတွေကြား ဘယ်လောက် မျှမျှတတ တာဝန်ယူခဲ့ကြသလဲ

ဥရောပတဝိုက် ခိုလှုံခွင့်တောင်းခံသူတွေနဲ့ ပတ်သက်တဲ့ မူဝါဒကို တညီတညွတ်တည်းဖြစ်အောင် အီးယူအဖွဲ့ဝင် ၂၈ နိုင်ငံအကြား နှစ်ပေါင်းများစွာ ကြိုးစားခဲ့ကြပါတယ်။

ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ အခွင့်အရေးအတွက် ရပ်တည်ကာကွယ်ပေးဖို့ဆိုတာ စီးပွားရေး သိပ်မကောင်းသေးတဲ့ ဥရောပမှာ အခက်အခဲရှိနေပါတယ်။ ဥရောပနိုင်ငံသား အများအပြားဟာ အလုပ်လက်မဲ့ဖြစ်နေကြပြီး နိုင်ငံခြားသား အလုပ်သမားတွေဝင်လာမှာ နဲ့ပတ်သက်လို့ စိုးရိမ်နေကြတာပါ။ နောက်ပြီး ဒုက္ခသည်တွေရဲ့ ဝန်ထုပ်ဝန်ပိုးကို ဘယ်လို မျှဝေယူကြမယ်ဆိုတာ နဲ့ပတ်သက်လို့လည်း အီးယူနိုင်ငံတွေကြား သဘောထားကွဲနေကြပါတယ်။

ခိုလှုံခွင့်တောင်းခံသူတွေ အရေးနဲ့ ပတ်သက်တဲ့အစီအစဉ် အသေးစိတ်တွေကို အီးယူနိုင်ငံတွေအကြား ဆွေးနွေးခဲ့ကြပေမယ့် ဥရောပတလွား တကယ် လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ဆိုတာက နောက်ထပ် စိမ်ခေါ်မှုတစ်ခု ဖြစ်နေပါတယ်။

ဥရောပနိုင်ငံတွေမှာ ခိုလှုံခွင့်တောင်းသူတွေဟာ ၂၀၁၃ ခုနှစ်မှာ ၄ သိန်းကျော်ရှိပြီး ၂၀၁၄ ခုနှစ်မှာ ၆ သိန်းကျော်အထိ တိုးမြင့်လာတယ်လို့ ဥရောပ ကော်မရှင်က ထုတ်ပြန်ပါတယ်။

ဆွီဒင်၊ အီတလီနဲ့ ဂျာမဏီ သုံးနိုင်ငံအနက် ရွှေ့ပြောင်းသူတွေကို ဂျာမဏီက အများဆုံး လက်ခံတာ ဖြစ်ပါတယ်။

အီးယူနိုင်ငံတွေမှာ ဘယ်လို ခိုလှုံခွင့်ရသလဲ

ရွှေ့ပြောင်းဝင်ရောက်လာသူတွေက သူတို့ဟာ နှိပ်စက်ညှဉ်းပန်းမှုတွေကြောင့် ထွက်ပြေးလာတာ ဖြစ်ပြီး သူတို့ရဲ့မူရင်းနိုင်ငံကို ပြန်ပို့ရင် အန္တရယ်နဲ့ အသက်ဘေးအတွက်ပါ စိုးရိမ်ရကြောင်း အချက်အလက် အမှန်အကန်၊ သက်သေအထောက်အထားတွေနဲ့ အာဏာပိုင်တွေကို တင်ပြရပါတယ်။

အီးယူရဲ့ စည်းကမ်းချက်တွေအရ ခိုလှုံခွင့်တောင်းသူတွေဟာ ဖွင့်လှစ်ထားတဲ့ လက်ခံရေးစခန်းတွေမှာ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ နေရာထိုင်ခင်းတွေ ရရှိကြသလို လိုအပ်ချက်ပေါ်မူတည်ပြီး တဦးချင်းစီ ထောက်ပံ့ငွေ ရရှိကြပါတယ်။ တကယ်လို့ ပထမအကြိမ် ခိုလှုံခွင့်မရခဲ့ရင် တရားရုံးမှာ အသနားခံလျှောက်ထားနိုင်ပြီး ခိုလှုံခွင့် ရနိုင်ပါတယ်။

ဒီနောက်မှာတော့ နိုင်ငံတစ်နိုင်ငံကို ရောက်ရှိချိန်ကစပြီး ၉ လအတွင်း အလုပ်လုပ်ကိုင်ခွင့် ရရှိရမှာ ဖြစ်ပါတယ်။

အီးယူရဲ့ စာရင်းဇယားဆိုင်ရာ ဧဂျင်စီ အစီရင်ခံစာအရ ၂၀၁၄ ခုနှစ်ထဲမှာ ခိုလှုံခွင့်တောင်းခံသူ ၄၅ ရာခိုင်နှုန်းကို ဒုက္ခသည်တွေအဖြစ် လက်ခံခဲ့ပါတယ်။ အီးယူနိုင်ငံတွေမှာ လူပေါင်း ၁ သိန်း ကျော်ကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခဲ့ပြီး ၆ သိန်းလောက်က ယာယီအသိအမှတ်ပြုခံရကာ အထောက်အထားမပြည့်စုံသူ ၂ သောင်းကျော်ကိုတော့ လူသားချင်း စာနာထောက်ထားမှုအရ နေထိုင်ခွင့်ပေးထားပါတယ်။

ရွှေ့ပြောင်း အခြေချနေထိုင်တဲ့သူတွေကို လက်ခံတဲ့ နိုင်ငံတွေထဲမှာ ဆွီဒင်၊ ပြင်သစ်၊ အီတလီနဲ့ ယူကေ နိုင်ငံတို့ပါဝင်ပြီး ဂျာမဏီနိုင်ငံက အများဆုံးလက်ခံဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။