ထိုင်းဗုံးခွဲမှု မသင်္ကာသူကို ရဲက ဖမ်း

အခု ဖမ်းဆီးလိုက်သူဟာ CCTV ထဲက လူ ဟုတ်မဟုတ် အသေအချာ မသိရသေး
ဓာတ်ပုံ ပုံစာ, အခု ဖမ်းဆီးလိုက်သူဟာ CCTV ထဲက လူ ဟုတ်မဟုတ် အသေအချာ မသိရသေး

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ လူ၂၀ သေဆုံးခဲ့ရတဲ့ ဗုံးခွဲ တိုက်ခိုက်မှုမှာ ပါဝင် ပတ်သက်နေသူလို့ သံသယ ရှိသူတဦးကို ထိုင်းရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

အသက် ၂၈နှစ်အရွယ် အဲဒီလူကို ဘန်ကောက်မြို့ ဆင်ခြေဖုံး ရပ်ကွက်က တိုက်ခန်းတခုမှာ ဖမ်းဆီးခဲ့တာပါ။

ကမ္ဘာလှည့် ခရီးသည် အများစုပါဝင်တဲ့ လူ ၂၀ သေဆုံးပြီး ၁၀ဝကျော် ဒဏ်ရာရခဲ့တဲ့ ဗုံးပေါက်ကွဲမှု ဖြစ်ပြီး ၁၂ ရက်အကြာမှာ ပထမဆုံးအကြိမ် အဖြစ် သံသယရှိသူတဦးကို ထိုင်းရဲက ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

ဘန်ကောက်မြို့ ဆင်ခြေဖုံး Nong Jok အရပ်မှာ ဖမ်းမိခဲ့တဲ့ အဲဒီလူ ဆီက Ball Barings တွေမှာ သုံးတဲ့ ဘောစေ့ တွေအပါအဝင် ဗုံးလုပ်ရာမှာ သုံးနိုင်တဲ့ ပစ္စည်းတွေကို သိမ်းဆည်းရ မိခဲ့သလို နိုင်ငံကူး လက်မှတ်စာအုပ် ၁၀ အုပ်ကိုလည်းတွေ့ခဲ့ရ ပါတယ်။

သူဟာ တူရကီလူမျိုးတဦးဖြစ်တယ်လို့ထိုင်းသတင်းမီဒီယာတွေမှာဖော်ပြနေပေမယ့် ဒါကို အတည်မပြုနိုင် သေးဘူးလို့ ထိုင်းရဲက ပြောပါတယ်။

သူ့ဆီက သိမ်းဆည်းရမိတဲ့ နိုင်ငံကူး လက်မှတ်တွေဟာလည်း အများအားဖြင့် အတုတွေ ဖြစ်တယ်လို့ ထိုင်းရဲကပြောပါတယ်။

အခုဖမ်းမိတဲ့သူဟာ ထိုင်းရဲက ထုတ်ပြန်ထားတဲ့CCTV လုံခြုံရေး ကင်မရာထဲကလူ ဟုတ်မဟုတ် ဆိုတာလည်း မသေချာသေးပါဘူး။

ထိုင်းအစိုးရရဲ့ ထိန်းသိမ်းထားမှုကနေ ထွက်ပြေး လွတ်မြောက်သွားတဲ့ ဝိဂါ လူမျိုးစုဝင် သုံးဦးကိုလည်း ဒီဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ထိုင်းရဲက စုံစမ်း စစ်ဆေးမှုတွေ လုပ်နေတာ ရှိပါတယ်။

အခုဖမ်းမိတဲ့သူနဲ့ အဲဒီလူသုံးဦး ဆက်စပ်မှု ရှိမရှိ ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မသိရပါဘူး။

ပြီးခဲ့တဲ့လတုန်းက ထိုင်းအစိုးရက ဝိဂါလူမျိုး ၁၀ဝ ကျော်ကို တရုတ်နိုင်ငံကို ပြန်ပို့လိုက်တဲ့အတွက် ဝိဂါတွေရဲ့ ခွဲထွက်ရေးကို ထောက်ခံတဲ့သူတွေ အများအပြား ရှိတဲ့ တူရကီနိုင်ငံမှာ လူတွေ ဒေါသ ထွက်ခဲ့ကြပြီး ဆန္ဒပြခဲ့ပါတယ်။

အခု ဖမ်းမိလိုက်တဲ့ လူဟာ သူတို့ အလိုရှိနေတဲ့သူ ဖြစ်တယ်လို့ ယုံကြည်ကြောင်း ထိုင်းရဲတပ်ဖွဲ့ ပြောခွင့်ရ သူ ပရာယွတ်သာဝေါင်ဆီရီကပြော ပါတယ်။

ဒါပေမယ့် အသေးစိတ် စစ်ဆေးတာတွေ လုပ်ရဦးမှဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဗုံးဖောက်တဲ့ တရားခံကို ဖမ်းမိအောင် ကူညီရင် ဆုငွေ ဒေါ်လာ ၂၈,ဝ၀ဝ ပေးမယ်လို့ ထုတ်ပြန်ထားတာလည်း ရှိပါတယ်။