ဂရိ ဆန္ဒခံပွဲ ပြီးချိန်ထိ အီးယူစောင့်မယ်

ဓာတ်ပုံ ရင်းမြစ်, AFP
တနင်္ဂနွေနေ့ ဂရိ နိုင်ငံမှာ ဆန္ဒခံယူပွဲ ကျင်းပပြီးချိန် ထိ စောင့်ပြီးမှ ကြွေးမြီ ကယ်ဆယ်ရေး ဆွေးနွေးပွဲ တွေ ပြန်စဖို့ ဥရောပ ဘဏ္ဍာရေး ဝန်ကြီးတွေ ဆုံးဖြတ် ခဲ့ကြ ပါတယ်။
ဒါကို ဥရောပ အတွက် အင်မတန် အရုပ်ဆိုးတဲ့ လုပ်ရပ် လို့ ဂရိ ဘဏ္ဍာရေး ဝန်ကြီး Yanis Varoufakis က ကန့်ကွက် ခဲ့ပါတယ်။
ဒါပေမဲ့ ဂရိ ဘဏ်တွေ အတွက် အရေးပေါ် ကူညီရေး ရန်ပုံငွေ ကိုတော့ ဥရောပ ဗဟိုဘဏ်က ဆက်ထားရှိ ပါတယ်။
ယူရိုဇုန် ဘဏ္ဍာရေး ဝန်ကြီးတွေဆီ နောက်ဆုံးပိတ် ကမ်းလှမ်းချက် တွေ ပယ်ချ ခံရပြီးနောက် ဂရိ ဝန်ကြီးချုပ် Alexis Tsipras က တနင်္ဂနွေနေ့ ဆန္ဒခံယူပွဲ မှာ ကန့်ကွက်မဲ ပေးကြဖို့ တောင်းဆို ခဲ့ပါတယ် ။
ခရီးသွား လုပ်ငန်း ယိမ်းယိုင်
ဂရိ နိုင်ငံရဲ့ အဓိက ဝင်ငွေ ရှာဖွေ ပေးနေတဲ့ ခရီးသွား လုပ်ငန်း မှာလည်း စီးပွားရေး အကျပ်ရိုက်မှု က ဂယက် ရိုက်ခဲ့ပါတယ်။
တရက်ကို ဟိုတယ် တွေမှာ ခရီးသွား အမှာ တွေ ၅ သောင်းလောက် ထိ ပြုတ်ကျ ခဲ့တယ်လို့ ဂရိ ခရီးသွား လုပ်ငန်းက အဆင့်မြင့် အရာရှိ တဦး က ပြောပါတယ်။
ဒီအတိုင်း ဆက်ဖြစ်နေရင် အလုပ်အကိုင်တွေပါ ထိခိုက် လာနိုင်တယ် လို့ သူက ဆိုပါတယ်။
ငွေမပေးချေ နိုင်လို့ ဂရိ ဟိုတယ်တွေမှာ အစားအသောက်တွေ တပတ်အတွင်း ပြတ်တောက် သွားနိုင်တယ် လို့လည်း စိုးရိမ် နေကြ ပါတယ်။








