ယီမင်က အယ်လ်ခိုင်ဒါ အဖွဲ့ခွဲ ခေါင်းဆောင် သေဆုံး

ဓာတ်ပုံ ရင်းမြစ်, AP
ယီမင် နိုင်ငံမှာ အယ်လ်ခိုင်ဒါရဲ့ အာရေဗျ ကျွန်းဆွယ် အဖွဲ့ခွဲ ခေါင်းဆောင် Nasser al-Wuhayshi ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန် လေကြောင်း တိုက်ခိုက်မှုအတွင်း သေဆုံး ခဲ့တယ်လို့ အဲဒီ အဖွဲ့ခွဲက အတည်ပြုပါတယ်။
ယီမင် တောင်ပိုင်းက မူကယ်လာ ဆိပ်ကမ်းမြို့မှာ ဒရုန်း ခေါ် လူမဲ့ အဝေးထိန်း လေယာဉ်နဲ့ တိုက်ခိုက် ခံရမှုမှာ နက်ဆာ အယ် ဝူဟေရှီ နဲ့ အတူ နောက် နှစ်ယောက်လည်း သေဆုံး သွားခဲ့တယ်လို့ အင်တာနက်မှာ ပေါ်ထွက်လာတဲ့ ဗီဒီယိုမှာ ပြောပါတယ်။
နက်ဆာ အယ် ဝူဟေရှီ ဟာ သေဆုံးသွားပြီ ဖြစ်တဲ့ အယ်ကိုင်းဒါး ခေါင်းဆောင် အိုစမာ ဘင်လာဒါရဲ့ ကိုယ်ရေး အတွင်းရေးမှူး ဖြစ်ခဲ့ဖူးပြီး အယ်လ်ခိုင်ဒါရဲ့ ဒုတိယ ခေါင်းဆောင်အဖြစ် သတ်မှတ် ခံထားရသူပါ။
အမေရိကန်တို့ကို တိုက်ခိုက်တဲ့ အစီအစဉ် အတော်များများကို သူ့ရဲ့ အာရေဗျ ကျွန်းဆွယ် အယ်လ်ခိုင်ဒါ အဖွဲ့ခွဲ AQAP က လုပ်ဆောင်တာ ဖြစ်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီလက ပြင်သစ်နိုင်ငံ ပဲရစ် မြို့က ရှာလီ အက်ဘ်ဒိုး ဂျာနယ်တိုက်ကို တိုက်ခိုက် ခဲ့မှုဟာလည်း သူတို့ လက်ချက် ဖြစ်ပါတယ်။
မကြာသေးခင် လတွေ အတွင်း အမေရိကန်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် AQAP ရဲ့ ထိပ်တန်း ခေါင်းဆောင် ၄ ယောက် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။




