ICC အလိုရှိတဲ့ ဆူဒန်သမ္မတ တောင်အာဖရိကက ထွက်ခွာ

ဓာတ်ပုံ ရင်းမြစ်, Reuters
လူမျိုးတုံး သတ်ဖြတ်မှု စွဲချက်နဲ့ အလိုရှိနေတဲ့ ဆူဒန် သမ္မတ Omar al-Bashir က ဥပဒေကြောင်း အရ ကန့်သတ်မှုတွေကို အာခံပြီး တောင်အာဖရိက နိုင်ငံ ကနေ လေကြာင်းနဲ့ ထွက်ခွာ သွားပြီ ဖြစ်ပါတယ်။
သူ့ကို ဖမ်းဆီးပြီး ICC နိုင်ငံတကာ ရာဇဝတ် တရားရုံးကို လွှဲပြောင်း ပေးဖို့ သင့်မသင့် ဂျိုဟန် နက်စ်ဘာ့ဂ် မြို့က တရားရုံးမှာ ကြားနာ နေဆဲ ဖြစ်ပါတယ်။
ICC က အဆင့်မြင့် ရှေ့နေ တစ်ယောက် ဖြစ်တဲ့ Julian Nicole ကတော့ ဆူဒန် သမ္မတကို ဖမ်းဆီးဖို့ ပျက်ကွက်ခဲ့တဲ့ တောင်အာဖရိက နိုင်ငံမှာလည်း တာဝန်ရှိတယ်လို့ ပြောပါတယ်။
ဆူဒန် သမ္မတ အိုမာ အယ်လ် ဘရှား ဟာ အာဖရိက သမဂ္ဂ ထိပ်သီး ညီလာခံ တက်ဖို့ အတွက် တောင်အာဖရိကမှာ ရောက်နေခဲ့တာ ဖြစ်ပါတယ်။
ထိပ်သီး အစည်းအဝေး လက်ခံ ကျင်းပတဲ့ တောင်အာဖရိက နိုင်ငံဟာ ICC အဖွဲ့ဝင် နိုင်ငံ ဖြစ်တဲ့အတွက် မစ္စတာ အယ်လ်ဘရှား ကို ဖမ်းဆီး ထိန်းသိမ်းဖို့ ICC ရဲ့ တောင်းဆို ချက်ကို လိုက်နာဖို့ ဥပဒေ အရ တာဝန် ရှိတာပါ။
တနင်္ဂနွေနေ့ကတော့ သူ့ကို ဖမ်းဆီးမှုနဲ့ ပတ်သက်လို့ ဆုံးဖြတ် မပြီးမချင်း တောင်အာဖရိက ကနေ မထွက်ခွာဖို့ တရားသူကြီး တစ်ယောက်က တားမြစ် ခဲ့ပါတယ်။




