ဖီဖါ ဥက္ကဋ္ဌ နှုတ်ထွက်ပြီ။

ဓာတ်ပုံ ရင်းမြစ်, Reuters
FIFA နိုင်ငံတကာ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် ကနေ Sepp Blatter နှုတ်ထွက် သွားပြီ ဖြစ်ပါတယ်။ အခုအခါ သူ့ကို အမေရိကန် FBI ထောက်လှမ်းရေး အဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။
ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့က ဟိုတယ်တခုကို FBI က စီးနင်းဝင်ရောက်ပြီး FIFA တာဝန်ရှိ ပုဂ္ဂိုလ် အတော်များများကို ဖမ်းဆီးခဲ့အပြီး ၆ရက်အကြာမှာပဲ မစ္စတာ Blatter က အခုလို ထုတ်ဖော် ကြေညာလိုက်တာပါ။
ဒါပေမဲ့ သူ့အနေနဲ့ ဘာမှ မှားယွင်း လုပ်ဆောင်ခဲ့တာ မရှိဘူးလို့လည်း သူက ငြင်းဆို ခဲ့ပါတယ်။
သူ့နေရာကို ဆက်ခံမယ့် သူတဦးကို အမြန်ဆုံး ခန့်အပ်နိုင်ဖို့ အတွက် အထူးအစည်းအဝေး တရပ်ကို ခေါ်ယူမှာ ဖြစ်ကြောင်းနဲ့ နောက်ဥက္ကဋ္ဌ မခန့်နိုင်ခင် အချိန်မှာတော့ ဥက္ကဋ္ဌအဖြစ် သူဆက်ရှိနေမှာ ဖြစ်ကြောင်း မစ္စတာ Blatter က ပြောသွားပါတယ်။
ဥက္ကဋ္ဌ သစ် ရွေးဖို့ ဒီဇင်ဘာကနေ မတ်လကြားမှာ ဖြစ်နိုင်တယ်လို့ FIFA တာဝန်ရှိ ပုဂ္ဂိုလ်တဦးက ပြောပါတယ်။
မစ္စတာ Blatter ဟာ FIFA ဥက္ကဋ္ဌ အဖြစ် ၁၉၉၈ခုနှစ်ကတည်းက တာဝန်ယူခဲ့တာ ဖြစ်ပြီး အဂတိ လိုက်စားမှု စွဲချက်တွေနဲ့ FIFA ထိပ်တန်း တာဝန်ရှိ ပုဂ္ဂိုလ် ၇ဦး အဖမ်းခံခဲ့ရအပြီး ၂ရက်အကြာမှာ ပြုလုပ်တဲ့ FIFA ဥက္ကဋ္ဌသစ် ရွေးကောက်ပွဲမှာ ပြန်အရွေးခံခဲ့ရတာပါ။
အခုလို ရာထူးက နှုတ်ထွက်ဖို့ မစ္စတာ Blatter ဆုံးဖြတ်ခဲ့တာဟာ ခက်ခက်ခဲခဲနဲ့ ရဲရဲ၀င့်ဝင့် လုပ်ခဲ့တဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ ဥရောပ ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ Michel Platini က ပြောပါတယ်။
အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ Greg Dyke ကလည်း မစ္စတာ Blatter ရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ပါတယ် ။ ဒါပေမယ့်လည်း FIFAရဲ့ ငွေကြေးနဲ့ ပတ်သက်လို့ ပွင့်လင်း မြင်သာမှု တွေ ပိုရှိအောင် လုပ်ဖို့ လိုတယ်လို့ ပြောသွားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ် က လုပ်ခဲ့တဲ့ FIFA ဥက္ကဋ္ဌသစ် ရွေးကောက်ပွဲမှာ မစ္စတာ Blatter ကို ရှုံးနိမ့်ခဲ့တဲ့ ဂျော်ဒန် မင်းသား Ali bin al-Hussein က ဥက္ကဋ္ဌသစ်အဖြစ် သူ ဝင်အရွေး ခံကောင်း ခံမယ်လို့ အရိပ်အမြွက် ပြောသွားခဲ့ပြီး FIFA ဘောလုံးအဖွဲ့ချုပ်ကြီးကို နည်းမှန် လမ်းမှန်နဲ့ ပြန်လည် ဖွဲ့စည်းနိုင်ဖို့ အများကြီး ဆောင်ရွက်ရမယ်လို့ ပြောသွားပါတယ်။
တခါ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက သတ်မှတ်ချက် မပြည့်စုံလို့ ဝင်အရွေးခံခွင့် မရခဲ့တဲ့ ပြင်သစ် လက်ရွေးစင် ဘောလုံးသမားဟောင်း David Ginola ကလည်း အခု ရွေးကောက် ပွဲသစ်မှာ ဝင် အရွေးခံမယ်လို့ အတည်ပြု ပြောခဲ့တာမို့ FIFA ဥက္ကဋ္ဌသစ် ဘယ်သူ ဖြစ်လာ မလဲဆိုတာ စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။








