IS တွေကို တိုက်ထုတ်ဖို့ အီရတ် စစ်ဆင်ရေး စတင်

ဓာတ်ပုံ ရင်းမြစ်, AFP
အီရတ် နိုင်ငံမှာ IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ စစ်သွေးကြွတွေကို အနောက်ပိုင်း အန်ဘာ ပြည်နယ်တွင်းကနေ မောင်းထုတ်ဖို့ ရည်ရွယ်တဲ့ စစ်ဆင်ရေးကို စတင် လိုက်ပြီလို့ အီရတ် ရုပ်သံက ကြေညာ လိုက်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အန်ဘာ ပြည်နယ်ရဲ့ မြို့တော် ရာမာဒီမြို့ IS စစ်သွေးကြွတွေ လက်အောက် ကျရောက် ခဲ့ပြီးနောက် အီရတ် အစိုးရက အခုလို စစ်ဆင်ရေး အစီအစဉ်ကို ကြေညာလိုက်တာ ဖြစ်ပါတယ်။
လောလောဆယ်မှာတော့ ရာမာဒီ မြို့ရဲ့ ဆင်ခြေဖုံး နေရာတွေကို အီရတ် တပ်ဖွဲ့တွေက ပြန်လည် သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေပြီး မြို့ တောင်ပိုင်းနဲ့ အနောက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။
အခု တိုက်ပွဲတွေမှာ အီရန် အစိုးရ ကျောထောက်နောက်ခံ ပေးထားတဲ့ ရှီးယား တိုက်ခိုက်ရေး သမားတွေက အရေးပါတဲ့ ကဏ္ဍကနေ ပါဝင်နေပြီး၊ အမေရိကန် ကတော့ ဒါကို သိပ် သဘော မတွေ့ကြောင်း ဘီဘီစီရဲ့ လေ့လာသုံးသပ်သူ တစ်ယောက်က ပြောပါတယ်။




