မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ကွပ်မျက်ခံရ

ပြီးခဲ့တဲ့ လက မော်စကိုမှာ ပြုလုပ်တဲ့ နိုင်ငံတကာ လုံခြုံရေး ဆိုင်ရာ ညီလာခံမှာ မစ္စတာ Hyon စကားပြောခဲ့။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့ လက မော်စကိုမှာ ပြုလုပ်တဲ့ နိုင်ငံတကာ လုံခြုံရေး ဆိုင်ရာ ညီလာခံမှာ မစ္စတာ Hyon စကားပြောခဲ့။

မြောက်ကိုရီးယား နိုင်ငံမှာ ခေါင်းဆောင် ကင်ဂျုံအန်း အပေါ် သစ္စာမဲ့တဲ့ အပြုအမူ ဖော်ပြမှုကြောင့် ကာကွယ်ရေး ဝန်ကြီး ဖြစ်သူ Hyon Yong-chol ကွပ်မျက် ခံခဲ့ရတယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေး အေဂျင်စီက ပါလီမန်မှာ ပြောပါတယ်။

မြောက်ကိုရီးယား ကာကွယ်ရေး ဝန်ကြီး မစ္စတာ Hyon ဟာ ဧပြီ ၃၀ ရက်နေ့က ရာနဲ့ချီတွေ လူတွေ ရှေ့မှာ လေယာဉ်ပစ် သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ် ခံခဲ့ရတာလို့လည်း တောင်ကိုရီးယားက Yonhap သတင်းဌာနက ဖော်ပြပါတယ်။

အဲဒီ သတင်းဌာနက ဖော်ပြရာမှာ မစ္စတာ Hyon ဟာ ကင်ဂျုံအန်း တက်ရောက်တဲ့ အခမ်းအနား တစ်ခုမှာ အိပ်ပျော် နေခဲ့ပြီး ညွှန်ကြားချက်တွေကို လိုက်နာဖို့ ပျက်ကွက် ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် အနည်းငယ် အတွင်းကပဲ ကင်ဂျုံအန်းရဲ့ မူဝါဒတွေကို စောဒက တက်ခဲ့တဲ့ လက်ထောက် ဝန်ကြီး ၂ ယောက် အပါအဝင် လူ ၁၅ ယောက်ကို ကွပ်မျက် ခဲ့ပါသေးတယ်။

မြောက်ကိုရီးယားမှာ အရာရှိတွေ အတွင်း ဖြုတ်ထုတ်သတ် လုပ်မှုတွေဟာ ထုံးစံလို ဖြစ်နေပေမယ့် ခေါင်းဆောင် ကင်ဂျုံအန်းနဲ့ အလွန်နီးစပ်တဲ့ ကာကွယ်ရေးဝန်ကြီး မစ္စတာ Hyon ကို အခုလို သတ်ဖြတ် တာကတော့ အံ့သြဖွယ် ဖြစ်ပြီး ဒီကိစ္စကြောင့် မြောက်ကိုရီးယားမှာ ပြည်တွင်းရေး မတည်ငြိမ်မှုတွေ ဖြစ်လာနိုင်တယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။