ရိုဟင်ဂျာ စက်လှေ ပင်လယ်တွင်း ၃ ရက်ကြာ မျောနေ

ဓာတ်ပုံ ရင်းမြစ်, Reuters
မြန်မာနိုင်ငံက ထွက်ခွာလာတဲ့ ရွှေ့ပြောင်း ဝင်ရောက်သူပေါင်း ၃၅၀ ပါ အဖွဲ့ တစ်အဖွဲ့ဟာ ပင်လယ်ပြင်ထဲက စက်လှေ တစ်စီးပေါ်မှာ စွန့်ပယ် ထားခဲ့ခြင်း ခံခဲ့ရတဲ့ အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ အခွင့်အရေး လှုပ်ရှားသူ တစ်ဦးကို တယ်လီဖုန်းက တစ်ဆင့် ဆက်သွယ် ပြောဆို ခဲ့ပါတယ်။
အဲဒီ အဖွဲ့ထဲမှာ အမျိုးသမီး အယောက် ၅၀ နဲ့ ကလေးငယ် ၈၄ ယောက် ပါဝင်ပြီး ပင်လယ်ထဲမှာ အစားအစာနဲ့ သောက်ရေ မရှိဘဲ ၃ ရက်ကြာ လွင့်မျော နေခဲ့တယ်လို့ သိရပါတယ်။
အဲဒီ စက်လှေပေါ် လိုက်ပါလာသူတွေက ဖုန်းကနေ တဆင့် ငိုယိုပြီး အကူအညီ တောင်းခံခဲ့တယ်လို့ ရိုဟင်ဂျာ အရေး ဆောင်ရွက်ပေးနေတဲ့ Arakan Project က Chris Lewa က ပြောပါတယ်။
သူတို့ စက်လှေဟာ ပင်လယ်ပြင်ထဲမှာ နှစ်လ ကြာခဲ့ပြီးနောက် တနင်္ဂနွေနေ့က ထိုင်းနိုင်ငံသားတွေလို့ ယူဆရတဲ့ သင်္ဘော အဖွဲ့သားတွေက စွန့်ပစ် ထားခဲ့တာလို့ လိုက်ပါ လာသူတွေက ပြောကြပါတယ်။
သူတို့ စက်လှက ပင်လယ်ထဲ လွင့်မျောနေတဲ့ အတွက် တည်နေရာ အတိအကျ မပြောနိုင်ပေမယ့် မလေးရှားနိုင်ငံ လန်ကာဝီ ကျွန်း အနားမှာ ရှိနေနိုင်တယ်လို့ ယူဆရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံတို့ကို ရွှေ့ပြောင်း ဝင်ရောက်သူပေါင်း ၁၆၀၀ ရောက်ရှိ လာခဲ့ကြပါတယ်။
အင်ဒိုနီးရှား စစ်တပ် ပြောခွင့်ရသူ တစ်ယောက်က ပြောရာမှာတော့ ရာနဲ့ချီတဲ့ ဒုက္ခသည်တွေ ပါလာတဲ့ သင်္ဘောတစ်စီးကို လောင်စာဆီနဲ့ စားစရာတွေ ပေးပြီး ပင်လယ်ပြင်ထဲ ပြန်မောင်းထုတ် လိုက်တယ်လို့ ဘီဘီစီကို ပြောပါတယ်။
ကမ်းပေါ် တက်လို့ မရတဲ့ လူပေါင်း ၈ ထောင်လောက် ပင်လယ်ပြင်ထဲမှာပဲ အန္တရာယ်နဲ့ ရင်ဆိုင် နေကြရပြီး အဲဒီ လူတွေကို ကမ်းတက်ခွင့် ပေးကြဖို့ IOM ခေါ် ရွှေ့ပြောင်းသူများ ဆိုင်ရာ နိုင်ငံတကာ အဖွဲ့က တောင်းဆို ထားပါတယ်။
ထိုင်းနိုင်ငံမှာ လူမှောင်ခိုမှုတွေကို တင်းတင်း ကျပ်ကျပ် အရေးယူ ဆောင်ရွက်နေတဲ့ အတွက် လူမှောင်ခို သမားတွေက ထိုင်းနိုင်ငံက တဆင့် သွားတဲ့ လမ်းကြောင်းကို ရှောင်လာကြတာ ဖြစ်တယ်လို့ သတင်းထောက် တွေက ပြောပါတယ်။
ထိုင်း အစိုးရ ကတော့ ရွှေ့ပြောင်း ဝင်ရောက်မှုတွေ အခုရက်ပိုင်းအတွင်း ပိုများလာတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဒေသဆိုင်ရာ ဆွေးနွေးပွဲ တစ်ရပ်ကို မေလ ၂၉ ရက်နေ့မှာ ပြုလုပ်ဖို့ တောင်းဆို ထားပါတယ်။
လူမှောင်ခိုမှု ပြဿနာကို ဥပဒေ အရ အမြန်ဆုံး ဖြေရှင်းနိုင်ဖို့ သက်ဆိုင်ရာ နိုင်ငံတွေက မြန်မြန်ဆန်ဆန် ပူးပေါင်း ဆောင်ရွက်ပြီး နိုင်ငံ အချင်းချင်း ကူညီကြဖို့ လိုကြောင်း၊ တစ်ယောက်နဲ့ တစ်ယောက် အပြစ်ပုံချ နေမယ်ဆိုရင်တော့ ဒီပြဿနာ ဘယ်တော့မှ ပြေလည်မှာ မဟုတ်ကြောင်း ထိုင်း ဝန်ကြီးချုပ် ပရာယု ချန်အိုချာက ပြောပါတယ်။








