ယီမင်အရပ်သားတွေပါ လေကြောင်းအတိုက်အခိုက် ခံနေရ

ဓာတ်ပုံ ရင်းမြစ်, Reuters
ယီမင်နိုင်ငံ မြောက်ပိုင်း က အရပ်သား တွေ နေထိုင်ရာ ဒေသတွေ ကိုပါ ဆော်ဒီ အာရေးဗျား ဦးဆောင်တဲ့ တပ်ဖွဲ့ တွေ က ဗုံးကြဲ တိုက် ခိုက် ခဲ့တယ် ဆိုပြီး ယီမင် နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ ရဲ့ အထူး သံတမန် က စွပ်စွဲ လိုက် ပါတယ်။
ဆာဒါး ဆိုတဲ့ မြို့ ကို ပစ်မှတ် ထား ပြီး ပြုလုပ် ခဲ့တဲ့ ပြီးခဲ့တဲ့ သောကြာ နေ့တုန်း က လေကြောင်း တိုက်ခိုက် မှု တွေ အတွက် အထူး စိုးရိမ် ရတယ် လို့ ကုလသမဂ္ဂ ကိုယ်စားလှယ် ယိုဟန်းနက်စ် ဗန်ဒါကလောင်း က ပြောပါတယ်။
အဲဒီ့ ဆာဒါး မြို့ ဟာ ဆော်ဒီ ဦးဆောင် တဲ့ မဟာမိတ် အဖွဲ့ က စစ်ရေး အရ အရေးယူ နေတဲ့ ရှီအာ မွတ်ဆလင်မ် သူပုန် ဟူသီ တွေ ရဲ့ အဓိက ခြေကုပ် ယူရာ မြို့ တစ်ခု ပဲ ဖြစ်ပါတယ်။
လေကြောင်း တိုက် ခိုက်မှု တွေ ကြောင့် ဖြစ်ပေါ် ခဲ့တဲ့ ထိခိုက် ပျက်စီးမှု ပမာဏ ဟာ အလွန် တုန်လှုပ်ဖွယ် ကောင်းပြီး လောင်စာဆီ ပြတ်တောက် မှုလည်း ဖြစ်ပေါ် နေတဲ့ အတွက် အရပ်သား တွေ ဟာ ဘေးလွတ်ရာ ကို ထွက်မပြေး နိုင် ဖြစ်နေ ကြရတယ် လို့လည်း မစ္စတာ ဗန်ဒါကလောင်း က ဆိုပါတယ်။
အခုလို လူနေထူတပ်ရာ ဒေသတွေ ကို ပစ်မှတ် ထားတာ မျိုးဟာ ကြိုတင် သတိပေးမှု တွေ ပြုလုပ်သည် ဆိုစေဦး နိုင်ငံတကာ ဥပဒေ ကို ချိုးဖောက် တာပဲ ဖြစ်တယ် လို့ မစ္စတာ ဗန်ဒါကလောင်း က သတိပေး လိုက် ပါတယ်။




