MH370 ရှာဖွေရေး ဧရိယာ နှစ်ဆ ထပ်တိုးနိုင်

ဓာတ်ပုံ ရင်းမြစ်, Reuters
ပျောက်ဆုံးနေတဲ့ မလေးရှား လေကြောင်း လေယာဉ် MH370 ကို ရှာဖွေရေးတွေ ဆက်လက် လုပ်ဆောင် နေရာမှာ အခုလက်ရှိ ရှာဖွေနေတဲ့ ဧရိယာ အတွင်း တစုံတရာ မတွေ့ခဲ့ရင် ရှာဖွေရေး ဧရိယာကို နှစ်ဆ တိုးချဲ့သွားမယ်လို့ တာဝန်ရှိသူ တွေက ပြောပါတယ်။
ရှာဖွေရေးနဲ့ ပတ်သက်ပြီး သြစတြေးလျ၊ မလေးရှားနဲ့ တရုတ် နိုင်ငံတို့က ဝန်ကြီးတွေ ကွာလာလမ်ပူ မြို့တော်မှာ တွေ့ဆုံ ဆွေးနွေး အပြီးမှာ အခုလို ကြေညာချက် ထွက်ပေါ် လာတာပါ။
MH370 လေယာဉ်ဟာ ပြီးခဲ့တဲ့နှစ် မတ်လ ၈ ရက်နေ့က ကွာလာလမ်ပူ မြို့ကနေ ဘေဂျင်းမြိုကို လူ ၂၃၉ ဦး တင်ဆောင် ပျံသန်းစဉ် ပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။
သြစတြေးလျ အနောက်ပိုင်း ကမ်းလွန် ပင်လယ်မှာ ပျက်ကျခဲ့တယ်လို့ ယုံကြည်ရပေမယ့် ခုချိန်အထိ အပျက်အစီး အစအနကို မတွေ့ရသေးပါဘူး။
လက်ရှိမှာတော့ သြစတြေးလျ နိုင်ငံ၊ ပါ့သ်မြို့ရဲ့ အနောက်ဘက် ပင်လယ်ကြမ်းပြင်မှာ စတုရန်း ကီလိုမီတာ ၆ သောင်း အကျယ်အဝန်းကို ရှာဖွေနေတာ ဖြစ်ပြီး အဲဒီ ဧရိယာရဲ့ ၄၀ ရာနှုန်းလောက် ရှာဖွေဖို့ ကျန်ရှိ နေပါသေးတယ်။
အဲဒီ ဧရိယာအတွင်း မတွေ့ခဲ့ရင်တော့ နောက်ထပ် စတုရန်း ကီလိုမီတာ ၆ သောင်း ထပ်တိုး ရှာဖွေ သွားမယ်လို့ အဲဒီ ပူးတွဲ ကြေညာချက်ထဲမှာ ဖော်ပြထားပြီး အဲဒီလို ထပ်တိုး ရှာဖွေမှုအတွက် အချိန် နောက်ထပ် တစ်နှစ်အထိ ကြာမြင့်နိုင်တယ်လို့ ဆိုပါတယ်။
MH370 လေယာဉ် ဘာကြောင့် ဘယ်လို ပျက်ကျသလဲ ဆိုတာ အခုချိန်အထိ မသိရှိကြ သေးပါဘူး။




