ဟူသီတွေကိုတိုက်နေတဲ့ ဆော်ဒီမဟာမိတ်အဖွဲ့ကို လက်နက်ထောက်ပံ့မယ်

ဓာတ်ပုံ ရင်းမြစ်, epa
ယီမင် နိုင်ငံ က ရှီအာ မွတ်ဆလင်မ် သူပုန် ဟူသီ တွေ ကိုတိုက်ခိုက် နေကြတဲ့ ဆော်ဒီ အာရေဗျ ဦးဆောင် တဲ့ မဟာမိတ် အဖွဲ့ ကို လက်နက် တွေ ပို့ဆောင် ဖို့ အရှိန်မြှင့် လုပ်ဆောင် နေတယ် လို့ အမေရိကန် က ပြောပါတယ်။
ယီမင် သမ္မတ Abd-Rabbu Mansour Hadi ကို ဆန့်ကျင် နေကြတဲ့ ဟူသီ သူပုန်တွေ ဟာ အခု လတွေ အတွင်းမှာ ယီမင် နိုင်ငံ တလွှား က နေရာ တော်တော် များများ ကို သိမ်းပိုက် နိုင်ခဲ့ကြပါတယ်။
ယီမင် တောင် ဘက်ပိုင်း က Ibb ဆိုတဲ့ ပြည်နယ် ထဲ ကိုလည်း ဟူသီ သူပုန်တွေ ဝင်ရောက် လာတာမှာ၊ ဆော်ဒီ ဦးဆောင်တဲ့ မဟာမိတ် အဖွဲ့ ရဲ့ နောက်ဆုံး လေကြောင်း တိုက်ခိုက်မှု တွေ ဟာ အဲဒီ ပြည်နယ်ထဲ က ဟူသီ တွေ ကို ပစ်မှတ်ထား တိုက်ခိုက် ခဲ့တာ ဖြစ်ပါတယ်။
တိုက်ပွဲတွေ ကြောင့် ယီမင် နိုင်ငံသား အများအပြား ရော ယီမင် နိုင်ငံ မှာ အလုပ်လုပ် ကိုင် နေကြတဲ့ နိုင်ငံခြားသား တွေ ပါ အိမ်နီးနားချင်း ဂျီဘူဒီ နိုင်ငံ ထဲ ကို ထွက်ပြေး ခဲ့ရပါတယ်။
အခု သီတင်းပတ် တွေ အတွင်း ဖြစ်ပေါ် ခဲ့တဲ့ တိုက်ပွဲ တွေ ကြောင့် ယီမင် နိုင်ငံ မှာ လူပေါင်း ၅၅၀ နီးပါး သေဆုံးခဲ့ ရပြီး ဖြစ်တယ် လို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO က ထုတ်ပြန် ထားပါတယ်။




