ယာမောက် ဒုက္ခသည်တွေ အခြေအနေ ဆိုးရွားနေ

ဓာတ်ပုံ ရင်းမြစ်, AFP
ဆီးရီးယား နိုင်ငံ၊ ဒမတ်စကတ် မြို့က ယာမောက် ဒုက္ခသည် စခန်းထဲမှာ တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ လူပေါင်း တစ်သောင်း ရှစ်ထောင်ရဲ့ အခြေအနေ တွေဟာ ပိုမို ဆိုးရွား လာနေတယ်လို့ အဲဒီမှာ ရှိတဲ့ ကယ်ဆယ်ရေး လုပ်သားတွေက ပြောပါတယ်။
စခန်း တဝိုက်ကို ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ စစ်သွေးကြွတွေနဲ့ ပါလက်စတိုင်း လက်နက်ကိုင်တွေ အကြား တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွား နေပါတယ်။
အဲဒီက ဒုက္ခသည်တွေ အတွက် အကူအညီတွေ ပေးပို့ဖို့ မဖြစ်နိုင် သလောက် ခက်ခဲနေကြောင်း Save the Children ပရဟိတ အဖွဲ့ရဲ့ ပြောခွင့်ရသူက ဆိုပါတယ်။
ဆေးရုံတွေ မှာလည်း ဆေးဝါးတွေ ပြတ်လပ် ကုန်ပြီး လမ်းတွေပေါ်မှာ အရပ်သားတွေ ပစ်ခတ် ခံနေရတယ်လို့ ဆိုပါတယ်။
အခုချိန် အထိ ယာမောက် စခန်းရဲ့ ဧရိယာ ၉၀ ရာနှုန်း ခန့်ကို IS စစ်သွေးကြွတွေက ထိန်းချုပ် ထားနိုင်ပြီလို့ လေ့လာသူ တွေက ခန့်မှန်းကြ ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကတော့ ကယ်ဆယ်ရေး လုပ်သားတွေကို ယာမောက် စခန်းတွင်း ဝင်ခွင့်ပြုဖို့ တောင်းဆို ထားပါတယ်။




