ထိုင်း စစ်အုပ်ချုပ်ရေး ဥပဒေကို အစားထိုးမယ်

ဓာတ်ပုံ ရင်းမြစ်, AP
ထိုင်း နိုင်ငံမှာ စစ်အုပ်ချုပ်ရေး ဥပဒေကို ရုပ်သိမ်းဖို့ အတွက် ဝန်ကြီးချုပ် ပရာယု ချန်အိုချာ က ထိုင်းဘုရင် ဘူမိဘောကို ခွင့်ပြုချက် တောင်းခံ ထားတယ်လို့ ဆိုပါတယ်။
ယခင် ရွေးကောက်ခံ အစိုးရဟောင်းကို ပြီးခဲ့နှစ် မေလက ဖြုတ်ချခဲ့ပြီး မကြာမီမှာပဲ အာဏာသိမ်း စစ်အစိုးရက စစ်အုပ်ချုပ်ရေး ဥပဒေနဲ့ အုပ်ချုပ်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ စစ်အုပ်ချုပ်ရေး ဥပဒေအရ အများပြည်သူ လူစုလူဝေး ဖွဲ့မှုတွေကို ပိတ်ပင် ထားသလို သတင်းမီဒီယာ တွေကိုလည်း တင်းကျပ် ထားပါတယ်။
စစ်အုပ်ချုပ်ရေး ဥပဒေကို စည်းမျဉ်း အသစ်တွေနဲ့ အစားထိုး သွားမယ်လို့ ဝန်ကြီးချုပ် ချန်အိုချာက ဆိုပြီး၊ အဲဒီ စည်းမျဉ်း အသစ်တွေက ဒီထက်ပို တင်းကျပ် လာနိုင်တယ် လို့လည်း သတင်းထောက်တွေက ပြောပါတယ်။
ဝန်ကြီးချုပ်ကို အာဏာ အပြည့် ပေးထားတဲ့ ယာယီ အခြေခံ ဥပဒေရဲ့ ပုဒ်မ ၄၄ အရ အရေးပေါ် လုပ်ထုံးလုပ်နည်း တွေနဲ့ လက်ရှိ စစ်အုပ်ချုပ်ရေး ဥပဒေကို အစားထိုးဖို့ ဆောင်ရွက် သွားမယ်လို့ ဗိုလ်ချုပ်ဟောင်း ချန်အိုချာက ဆိုပါတယ်။
ထိုင်းနိုင်ငံရဲ့ လက်ရှိ စစ်အစိုးရဟာ အရပ်သား အစိုးရကို အာဏာ လွှဲပြောင်း ပေးမယ်လို့ ကတိပြုထား ပေမယ့် ဘယ်တော့ လွှဲပေးမယ် ဆိုတာကိုတော့ မသတ်မှတ် ထားပါဘူး။




