ယူကေ ရွေးကောက်ပွဲ အတွက် မဲဆွယ်မှုတွေ စတင်

သူ့လက်ထက်မှာ အလုပ်အကိုင်တွေ စံချိန်တင် များလာကြောင်း ဒေးဗစ် ကင်မရွန်း ပြော။

ဓာတ်ပုံ ရင်းမြစ်, epa

ဓာတ်ပုံ ပုံစာ, သူ့လက်ထက်မှာ အလုပ်အကိုင်တွေ စံချိန်တင် များလာကြောင်း ဒေးဗစ် ကင်မရွန်း ပြော။

ဗြိတိန် နိုင်ငံမှာ ဆယ်စုနှစ် များစွာ အတွင်း အကြိတ်အနယ် အဖြစ်ဆုံးနဲ့ မှန်းဆရ အခက်ဆုံး ဖြစ်လိမ့်မယ်လို့ ယူဆရတဲ့ လာမယ့် မေလ အထွေထွေ ရွေးကောက်ပွဲ အတွက် မဲဆွယ် စည်းရုံးမှု တွေကို တရားဝင် စတင်လိုက်ပြီ ဖြစ်ပါတယ်။

ကွန်ဆာဗေးတစ် ပါတီနဲ့ လစ်ဘရယ် ဒီမိုကရက် ပါတီတို့ ပေါင်းထားတဲ့ ညွန့်ပေါင်း အစိုးရ ၅ နှစ်သက်တမ်း ကုန်ဆုံးပြီး ပါလီမန်ကို တရားဝင် ဖျက်သိမ်း လိုက်ပြီ ဖြစ်ကြောင်း ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ဘက်ကင်ဟမ် နန်းတော်ဆီ သွားရောက်ပြီး အဲလိဇဘက် ဘုရင်မကြီးကို အကြောင်းကြား ခဲ့ပါတယ်။

လူထု သဘောထား စစ်တမ်း ကောက်ယူမှုတွေ အရ ကွန်ဆာဗေးတစ်နဲ့ အတိုက်အခံ လေဘာ ပါတီတို့ ကြားမှာ ဘယ်ဘက်ကမှ အပြတ်အသတ် ထောက်ခံမှု မရတာ တွေ့ရပါတယ်။

ဒီလို မရေမရာ အခြေအနေကို ပိုဆိုးစေတာ ကတော့ ပါတီငယ်တွေ ဖြစ်တဲ့ စကော့ အမျိုးသားရေး ပါတီ Scottish National Party နဲ့ ယူကေ လွတ်လပ်ရေး ပါတီ UK Independence Party တွေ ထောက်ခံမှု ပိုရလာတဲ့ အချက် ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန်းကတော့ သူ ရာထူး ရယူခဲ့ချိန် လွန်ခဲ့တဲ့ ၅ နှစ်က သန်းချီတဲ့ လူတွေ အလုပ်လက်မဲ့ ဖြစ်နေကြပြီး စီးပွားရေး လုံခြုံမှု မရှိခဲ့ကြောင်း၊ နောက် ၅ နှစ်အကြာမှာတော့ လုပ်ငန်းခွင်မှာ အလုပ်လုပ်သူ အရေအတွက် စံချိန်တင် များလာပြီး လူနေမှု အဆင့်အတန်း ပိုမြင့်လာကြောင်း ဒေါင်းနင်းလမ်းမှာ ပြောဆို ခဲ့ပါတယ်။

လေဘာ ပါတီ ခေါင်းဆောင် အက်ဒ်ဝပ်ဒ် မီလီဘန်းဒ် ကတော့ ကွန်ဆာဗေးတစ် ပါတီရဲ့ အီယူဆိုင်ရာ မူဝါဒဟာ ယူကေ စီးပွားရေး အတွက် အန္တရာယ် ဖြစ်နေပြီး မဖြစ်မနေ ဖြေရှင်းရမယ့် အန္တရာယ် ဖြစ်ကြောင်း အစောပိုင်းက ပြောဆို ခဲ့ပါတယ်။