ဆီးရီးယားမြို့ကြီး အစ်ဒ်လစ်ဘ် သူပုန်အောက်ရောက်သွားပြီလို့ သတင်းထွက်လာ

ဓာတ်ပုံ ရင်းမြစ်, Reuters
ဆီးရီးယား နိုင်ငံ အနောက် မြောက်ပိုင်း က မြို့ကြီး တစ်ခု ဖြစ် တဲ့ အစ်ဒ်လစ်ဘ် ကို သူပုန် တပ်ဖွဲ့ဝင် တွေ က သိမ်းယူ လိုက် တယ် ဆိုပြီး တော့ သတင်း တွေ ရရှိ နေပါတယ်။
ဆီးရီးယား ပြည်တွင်းစစ် ကို စောင့်ကြည့် နေကြ တဲ့ သူတွေ ရဲ့ အဆိုအရ အစ်ဒ်လစ်ဘ် မြို့ မှာ ဆီးရီးယား အစိုးရ တပ် နဲ့ အယ်လ် နူစရာ တပ်ဦး လို့ ခေါ် တဲ့ အယ်လ် ကိုင်းဒါး နဲ့ အဆက်အစပ် အဖွဲ့ တို့ အကြား တိုက်ပွဲ တွေ ပြင်းထန် ခဲ့ပြီး အစိုးရ တပ် တွေ ဆုတ် ခွာ သွားကြ ရတယ် လို့ ဆိုပါတယ်။
အစ်ဒ်လစ်ဘ် လို ပြည်နယ် မြို့တော် အဆင့် ရှိတဲ့ မြို့ကို အစိုးရတပ် တွေ က လက်လွှတ် လိုက်ရတယ် ဆိုတဲ့ ဒီ သတင်း ကို သာ အတည် ပြု နိုင် ခဲ့ရင် ဒါဟာ သမ္မတ အာဆတ် အတွက် အတော် ကြီးမား တဲ့ ရှုံးနိမ့် မှု တစ်ရပ် ပဲ ဖြစ်ပါတယ်။
ဆီးရီးယား နိုင်ငံထဲ က အစ္စလာမ်မစ် လက်နက်ကိုင် IS တွေ က ပြည်နယ် မြို့တော် အဆင့် ရှိတဲ့ နောက်မြို့ တစ်ခု ဖြစ်တဲ့ ရက်ခါ မြို့ ကို သိမ်းယူ ထားပါ တယ်။
ဒီ အချိန်မှာပဲ၊ ဆီးရီးယား နိုင်ငံထဲ မှာ လူတွေ အမြောက်အများ သေကြေ ပျက်ဆီး နေကြရ တဲ့ အဖြစ် ကို ရပ်တန့် နိုင်ဖို့ ဒေသတွင်း နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း က စွမ်းဆောင် မပေးနိုင် မှု အတွက် အရှက် ရမိ တယ် ဆိုပြီး ကုလ သမဂ္ဂ ရဲ့ အတွင်းရေးမှုးချုပ် ဘဲန် ကီမွန်း က ပြော လိုက်ပါ တယ်။
ဆီးရီးယား အစိုးရ အပါအဝင် ဆီးရီးယား နိုင်ငံထဲ က အစွန်းရောက် အဖွဲ့ တွေ နဲ့ အကြမ်းဖက် သမား တွေ ဟာ ကိုယ့်နိုင်ငံကို ကိုယ် ဖျက်စီး နေကြတာ ကို ဒေါသ ထွက် စဖွယ် မြင်တွေ့ နေရတယ် ဆိုပြီးတော့လည်း မစ္စတာ ဘဲန် က အီဂျစ် နိုင်ငံ မှာ ပြုလုပ် ခဲ့တဲ့ အာရပ် နိုင်ငံများ အဖွဲ့ချုပ် အစည်းအဝေး မှာ ပြောခဲ့ပါ တယ်။




