အီရန် နျူ ဆွေးနွေးမှုတွေကို ထောက်လှမ်းမှု အစ္စရေး ငြင်းဆို

ဓာတ်ပုံ ရင်းမြစ်, Getty Images
အီရန် နျူကလီးယား စီမံကိန်း အရေး အတွက် အမေရိကန် ဦးဆောင်တဲ့ နိုင်ငံတွေနဲ့ အီရန် တို့အကြား တံခါးပိတ် ဆွေးနွေးမှု တွေကို အစ္စရေးက လျှို့ဝှက် ထောက်လှမ်း ခဲ့တယ် ဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့ အစ္စရေး အစိုးရက ပြင်းပြင်း ထန်ထန် ငြင်းဆို လိုက်ပါတယ်။
Wall Street Journal မှာ ဖော်ပြထားတဲ့ အဲဒီ သတင်းဟာ လုံးဝ မှားယွင်းကြောင်းနဲ့ အစ္စရေးနဲ့ အမေရိကန် ဆက်ဆံရေးကို သေးသိမ် ထိခိုက်အောင် လုပ်ဖို့ ရည်ရွယ် ရေးသားတာ ဖြစ်ကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟု ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။
အဲဒီ တံခါးပိတ် ဆွေးနွေးမှု တွေကို အစ္စရေးက ထောက်လှမ်းနေတယ် ဆိုတာကို ဆွေးနွေးပွဲတွေ စတင်ခဲ့တဲ့ မနှစ်ကတည်းက အမေရိကန် အစိုးရက သိရှိခဲ့တယ် လို့လည်း အဲဒီ စာစောင်မှာ ဖော်ပြ ထားပါတယ်။
အမေရိကန် ဥပဒေပြု အမတ်တွေက တဆင့် အစ္စရေးက လျှို့ဝှက် သတင်းတွေ ရယူနေတာဟာ အိမ်ဖြူတော်ကို ဒေါသ ဖြစ်စေတယ် လို့လည်း အဲဒီ ဂျာနယ်မှာ ဖော်ပြ ထားပါတယ်။
အမေရိကန်၊ ယူကေ၊ ပြင်သစ်၊ ဂျာမနီ၊ ရုရှားနဲ့ တရုတ် နိုင်ငံတို့ဟာ အီရန်ရဲ့ နျူကလီးယား အစီအစဉ်ကို ကန့်သတ်ပြီး အပြန်အလှန် အနေနဲ့ အီရန် အပေါ် ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးဖို့ အဲဒီ တံခါးပိတ် ဆွေးနွေးပွဲတွေက တဆင့် သဘောတူညီချက် ရဖို့ ညှိနှိုင်းနေကြတာ ဖြစ်ပါတယ်။
အီရန် အပေါ် ဘယ်လို ကိုင်တွယ်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး သဘော ကွဲလွဲမှုကြောင့် အမေရိကန်နဲ့ အစ္စရေး အကြား ဆက်ဆံရေးဟာ တဖြည်းဖြည်း တင်းမာ လာနေပါတယ်။




