အီဂျစ် ဆိုင်းနိုင်းမှာ ဗုံးခွဲတိုက်ခိုက်မှုတွေ ဖြစ်ပွား

ဓာတ်ပုံ ရင်းမြစ်, epa
အီဂျစ်နိုင်ငံ ဆိုင်နိုင်း ကျွန်းဆွယ်မှာ ရဲနဲ့ စစ်တပ်ကို ပစ်မှတ်ထားပြီး ဗုံးခွဲ တိုက်ခိုက်ခဲ့ မှုတွေကြောင့် လူ ၂ ဦး သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာ ရသွားတယ်လို့ အီဂျစ် အရာရှိတွေက ပြောပါတယ်။
အယ်လ် အာရစ်ရှ် မြို့က ရဲစခန်းမှာ ဖြစ်ပွားခဲ့တဲ့ အသေခံ ဗုံးခွဲ တိုက်ခိုက်မှု အတွင်း ယာဉ်မောင်း တစ်ဦး သေဆုံးခဲ့ပြီး၊ လမ်းဘေး ဗုံးထောင် တိုက်ခိုက်မှုမှာတော့ သံချပ်ကာ ကားတစင်းကို ဗုံး ထိမှန် ခဲ့ရာမှာ စစ်သား တစ်ဦး သေဆုံး ခဲ့ပါတယ်။
ပထမ တိုက်ခိုက်မှု ဖြစ်တဲ့ အသေခံ ဗုံးခွဲမှုကို IS အဖွဲ့နဲ့ ပူးပေါင်းထားတဲ့ ဂျီဟတ် ဝါဒီ အဖွဲ့ဖြစ်တဲ့ Sinai Province ဆိုတဲ့ အဖွဲ့က သူတို့ လက်ချက် ဖြစ်တယ်လို့ ကြေညာ ခဲ့ပါတယ်။
အီဂျစ်နိုင်ငံမှာ အစ္စလာမ္မစ် သမ္မတ မိုဟာမက် မော်စီ ဖြုတ်ချ ခံခဲ့ရတဲ့ ၂၀၁၃ ခုနှစ်က စပြီး ဆိုင်နိုင်းမှာ အခြေစိုက်တဲ့ ဂျီဟာ့ဒ် ဝါဒီ လက်နက်ကိုင် တွေရဲ့ လက်ချက်နဲ့ စစ်တပ်နဲ့ ရဲအရာရှိ ရာပေါင်း များစွာ သေဆုံးခဲ့ပါတယ်။




