တိကရစ်မြို့ ဝန်းကျင်မှာ တိုက်ပွဲတွေ ပြင်းထန်

တိကရစ် မြို့သိမ်း တိုက်ပွဲမှာ ရှီးယား လက်နက်ကိုင်တွေက အဓိက အခန်းက ပါဝင်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, တိကရစ် မြို့သိမ်း တိုက်ပွဲမှာ ရှီးယား လက်နက်ကိုင်တွေက အဓိက အခန်းက ပါဝင်

အီရတ် နိုင်ငံမှာ တိကရစ် မြို့ကို ပြန်လည် သိမ်းပိုက်ဖို့ ကြိုးစားနေတဲ့ အီရတ် တပ်ဖွဲ့တွေနဲ့ IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ စစ်သွေးကြွတွေ အကြား ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ တိကရစ်မြို့ အနှံ့အပြားမှာ ဖြစ်ပွား နေတယ်လို့ အီရတ် အရာရှိတွေက ပြောပါတယ်။

မြို့သိမ်း တိုက်ပွဲ ဆင်နွှဲရာမှာ အစိုးရ တပ်ဖွဲ့တွေ အနေနဲ့ လမ်းဘေးမှာ ထောင်ထားတဲ့ မိုင်းတွေကြောင့် ရှေ့ဆက် ချီတက်ဖို့ နှောင့်နှေး နေရတယ်လို့ အရာရှိတွေက ပြောပါတယ်။

အီရန် အစိုးရက ကျောထောက် နောက်ခံ ပြုထားတဲ့ ရှီယား လက်နက်ကိုင် တွေလည်း အီရတ် အစိုးရတပ် တွေနဲ့ အတူ ပူးပေါင်း ပါဝင် တိုက်ခိုက် နေပါတယ်။

စစ်ဆင်ရေး စတင်ခဲ့တဲ့ တနင်္ဂနွေနေ့ ကတည်းက အီရတ် လေယာဉ်တွေကလည်း လေကြောင်းကနေ တိုက်ခိုက် နေပြီး၊ လေကြောင်း တိုက်ခိုက်မှုတွေမှာ အီရန် လေယာဉ်တွေ ပါဝင်ခြင်း ရှိမရှိ ကိုတော့ ကွဲကွဲပြားပြား မသိရ သေးပါဘူး။

တိကရစ် မြို့ကို မနှစ်က ဇွန်လမှာ IS တပ်တွေက သိမ်းယူခဲ့တာ ဖြစ်ပါတယ်။