ယူကရိန်း အပစ်မရပ်ဘဲ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်

ဓာတ်ပုံ ရင်းမြစ်, AP
ယူကရိန်း နိုင်ငံ အရှေ့ပိုင်းမှာ အပစ်အခတ် ရပ်စဲဖို့ ပြီးခဲ့တဲ့ တစ်ပတ်က မင့်စ်မြို့ ဆွေးနွေးပွဲကနေ သဘောတူ ခဲ့ကြပေမယ့် Debaltseve မြို့ ဝန်းကျင်မှာ တိုက်ပွဲတွေ ပြင်းထန် နေပါတယ်။
ဒဗော့ဆက်ဗ် မြို့ရဲ့ အစိတ်အပိုင်း အများစုနဲ့ ပို့ဆောင် ဆက်သွယ်ရေး အချက်အချာ နေရာကို သူပုန်တွေက သိမ်းပိုက် လိုက်တယ်လို့ ပြောသလို၊ အစိုးရ တပ်ကလည်း အဲဒီနေရာတွေကို သူတို့ ထိန်းချုပ် ထားဆဲ ဖြစ်တယ်လို့ ပြောပါတယ်။
ဒဗော့ဆက်ဗ် မြို့ကအစိုးရ တပ်ဖွဲ့ဝင် ဒါဇင်နဲ့ချီပြီး လက်နက် ချခဲ့ကြတယ်လို့လည်း သူပုန်တွေက ဆိုပေမယ့် ယူကရိန်း အစိုးရကတော့ ဒါကို ငြင်းဆို ပါတယ်။
လက်နက်ကြီးတွေကို တနင်္လာနေ့ သန်းခေါင်အချိန် နောက်ဆုံးထား ရုပ်သိမ်းဖို့ သဘောတူချက်ကိုလည်း နှစ်ဘက်စလုံးက ပျက်ကွက် ခဲ့ကြပါတယ်။
အပစ်ရပ်ရေးကို စောင့်ကြည့်တဲ့ နိုင်ငံတကာ အဖွဲ့ဝင်တွေ ဒဗော့ဆက်ဗ် မြို့ထဲကို မဝင်ရောက် နိုင်ခဲ့ဘူးလို့ ပြောပါတယ်။
စောစောပိုင်းကတော့ အပစ်အခတ် ရပ်စဲရေး မပျက်ပြားအောင် ကြိုးပမ်းတဲ့ အနေနဲ့ ဂျာမနီ၊ ရုရှားနဲ့ ယူကရိန်း ခေါင်းဆောင်တွေ တယ်လီဖုန်းက တဆင့် ဆွေးနွေး ခဲ့ကြပါတယ်။




