ဆွေးနွေးပွဲ မစမီ ယူကရိန်းမှာ သေဆုံးမှု တိုးမြင့်

ဓာတ်ပုံ ရင်းမြစ်, epa
ယူကရိန်း အရှေ့ပိုင်း ငြိမ်းချမ်းရေး အတွက် ရုရှား၊ ယူကရိန်း၊ ပြင်သစ်နဲ့ ဂျာမနီ ခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေးဖို့ ပြင်ဆင် နေချိန်မှာပဲ ယူကရိန်း အရှေ့ပိုင်း တိုက်ပွဲတွေမှာ လူ ၂၀ ကျော်လောက် ထပ်မံ သေဆုံး ခဲ့ရပါတယ်။
လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ယူကရိန်း အစိုးရ တပ်သား ၁၉ ယောက် သေဆုံးခဲ့ပြီး ဒွန်းညက်စ် မြို့မှာတော့ အရပ်သား ၅ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဘယ်လာရုစ် နိုင်ငံ၊ မင့်စ် မြို့မှာ ဒီကနေ့ ပြုလုပ်မယ့် ဆွေးနွေးပွဲ အတွင်း အပစ်ရပ်ရေး၊ လက်နက်ကြီး အသုံးပြုမှု ရပ်ဆိုင်းရေးနဲ့ စစ်မဲ့ ကြားခံဇုန် သတ်မှတ်ရေးတွေ အတွက် ဆွေးနွေးသွားဖို့ ရှိပါတယ်။
ဒီကနေ့ နှောင်းပိုင်းမှာ ပြုလုပ်မယ့် ဆွေးနွေးပွဲ ကို ယူကရိန်း သမ္မတ ပေါ်ရိုရှန်ကိုနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ နှစ်ဦးစလုံး တက်ရောက်မယ်လို့ အတည်ပြု ထားပါတယ်။




