အိုင်အက်စ် စစ်သွေးကြွတွေကို တိုက်ဖို့ လွှတ်တော်နှစ်ရပ်ကို တင်ပြ

သမ္မတအိုဘားမားက စစ်တိုက်ဖို့ တင်ပြ

ဓာတ်ပုံ ရင်းမြစ်, Getty

ဓာတ်ပုံ ပုံစာ, သမ္မတအိုဘားမားက စစ်တိုက်ဖို့ တင်ပြ

သမ္မတအိုဘားမားက အစ္စလမ်မစ်နိုင်ငံအဖွဲ့ အိုင်အက်စ် စစ်သွေးကြွတွေကို စစ်ရေးအရ နှိမ်နင်းဖို့ အမေရိကန် ကွန်ဂရက်ကို တရားဝင် ခွင့်ပြုချက် တောင်းခဲ့ပါတယ်။ သူ့အနေနဲ့ လုပ်ပိုင်ခွင့် အာဏာရထားပေမယ့် ဥပဒေပြု လွှတ်တော်အမတ် တွေရဲ့ ရှင်းရှင်းလင်းလင်း ထောက်ခံမှု လိုလားတယ်လို့ ဆိုပါတယ်။ ၂၀၀၂ခု သမ္မတဂျော့ချ်ဘုရှ် အီရတ်ကို ဝင်တိုက်တဲ့ နောက်ပိုင်းကွန်ဂရက်ကို စစ်ရေးအသုံးပြုခွင့် သမ္မတက တောင်းခံတာ အခုကိစ္စက ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

ဒီအဆိုပြုချက်က AUMFလို့ခေါ်တဲ့ ၂၀၀၂ခုနှစ် စစ်အင်အား အသုံးပြုခွင့် အာဏာကိုပယ်ဖျက်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ စက်တင်ဘာ ၁၁ရက်တိုက်ခိုက်မှု နောက်ပိုင်း အယ်ကိုင်းဒါးတို့ရဲ့ စစ်ဆင်ရေးတွေကို ရှာဖွေဖေါ်ထုတ်တဲ့ ၂၀၀၁ခု ဆုံးဖြတ်ချက်ကိုတော့ နဂိုအတိုင်း ထားဖို့ရှိပါတယ်။

ဘီဘီစီအိမ်ဖြူ တော်သတင်းထောက် Tara McKelvey ကတော့ ဒီကိစ္စမှာ နိုင်ငံရေးအရ အကာအကွယ် ယူတာလို့ဆိုပါတယ်။ စက်မဲ့ လေယာဉ်နဲ့တိုက်ခိုက်တာ အခု အမေရိကန် တယောက် အသတ်ခံရတာတွေကို အကြောင်းပြုပြီး စစ်ရေးအရ ဖြေရှင်းတာ လုပ်သင့်တယ်လို့ အိုဘားမားက အကြောင်းပြတာဆိုပြီး သဘောထား အလယ်အလတ် ရှိသူတွေက စိတ်ပူနေပါတယ်။

နောက်တခါ အရင် ဘုရှ်အစိုးရနဲ့ ဆက်စပ်မှုရှိ တာကိုလည်း အိမ်ဖြူတော် အရာရှိတွေ မနှစ်မြို့သလို ၂၀၁၆ခုနှစ် ရွေးကောက်ပွဲဝင်မယ့် ဒီမိုကရက် တွေကလည်းမလိုလားပါဘူး။ ဒါဟာ ဘုရှ်အစိုးရလက်ထက် စစ်ရေး ခွင့်ပြုချက် ကနေ သီးခြားဖြစ်အောင် နောက်ထပ် လုပ်ပိုင်ခွင့် တောင်းတာဖြစ်ပါတယ်။ နောက်တခါ အိုင်အက်စ်တွေကို တိုက်ဖို့ ရီပတ်ဘလစ်ကန် ပါတီဝင်တွေရဲ့ ထောက်ခံချက် ကိုလည်းလိုလားတယ်ဆိုတာကို ပြလိုက်တာဖြစ်ပါတယ်။

မြေပြင် တပ်တွေကို အကန့်အသတ်နဲ့ သုံးမယ်ဆိုတာကလည်း ဒီဥပဒေကြမ်းကို အတည်ပြုဖို့ ခက်ခဲနိုင်တယ်လို့ ဘီဘီစီ အိမ်ဖြူတော် သတင်းထောက် Tara McKelvey က သုံးသပ်သွားပါတယ်။