မိုင်းလုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးကို တရုတ် ကွပ်မျက်

ဓာတ်ပုံ ရင်းမြစ်, Reuters
တရုတ် နိုင်ငံမှာ စီချွမ် ပြည်နယ် အခြေစိုက် မိုင်းလုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီး Liu Han ကို မာဖီးယား ပုံစံ ရာဇဝတ်ဂိုဏ်း လုပ်ကိုင်မှုနဲ့ ကွပ်မျက် လိုက်ပါတယ်။
ကွပ်မျက်ခံရတဲ့ ဘီလျံနာ သူဌေးကြီး လျူဟန်ဟာ စီချွမ် ပြည်နယ်က အကြီးဆုံး ပုဂ္ဂလိက ကုမ္ပဏီကြီး ဖြစ်တဲ့ Hanlong Group ရဲ့ ဥက္ကဋ္ဌ ဖြစ်ပြီး လူသတ်မှု၊ လက်နက် မှောင်ခိုမှုနဲ့ လောင်းကစား လုပ်ငန်း လုပ်ကိုင်မှုတွေနဲ့ ပြီးခဲ့တဲ့ မေလက သေဒဏ် ချမှတ် ခံထားရတာ ဖြစ်ပါတယ်။
မစ္စတာ လျူ နဲ့အတူ သူ့ညီ တစ်ယောက်နဲ့ တခြား အပေါင်းအပါ ၃ ယောက်လည်း ကွပ်မျက် ခံခဲ့ကြရပါတယ်။
မစ္စတာ လျူဟာ တရုတ်နိုင်ငံရဲ့ ပြည်တွင်း လုံခြုံရေးဆိုင်ရာ အကြီးအကဲ လည်းဖြစ်၊ ပေါလစ် ဗျူရို အဖွဲ့ဝင် တစ်ယောက်လည်း ဖြစ်တဲ့ Zhou Yongkang နဲ့လည်း ဆက်စပ်မှု ရှိခဲ့တယ်လို့ ပြောကြပါတယ်။
ဆီချွမ်ပြည်နယ် ပါတီ အကြီးအကဲ ဖြစ်ခဲ့တဲ့ အဲဒီ အရာရှိ ဇူယုံကန်း ဟာလည်း အဂတိ လိုက်စားမှုတွေနဲ့ စုံစမ်း စစ်ဆေး ခံနေရဆဲ ဖြစ်ပါတယ်။




