ဇန်နဝါရီ ၃၁ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ် - အာဏာသိမ်း ၅ နှစ်မှာ မြန်မာ့အကျပ်အတည်း ပိုဆိုးလာတယ်လို့ ကုလပြော

ဇန်နဝါရီ ၂၉ ရက်က အမေရိကန်၊ နယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်မှာပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ တွေ့ရတဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဇန်နဝါရီ ၂၉ ရက်က အမေရိကန်၊ နယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်မှာပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ တွေ့ရတဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်

စစ်တပ်က အာဏာသိမ်းထားတာ ၅ နှစ်ကြာရှိလာချိန်မှာပဲ မြန်မာလူထုရဲ့ ဒုက္ခတွေ ပိုကျပ်တည်းလာခဲ့တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။

မြန်မာလူထုရဲ့ အခွင့်အရေးတွေကို လွတ်လွတ်လပ်လပ်ကျင့်သုံးနိုင်ဖို့ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံထားရသူတွေအားလုံး ပြန်လွှတ်ပေးဖို့ကိုလည်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က ထပ်ပြီးတောင်းဆိုလိုက်ပါတယ်။

စစ်တပ်က နိုင်ငံတကာလူ့အခွင့်အရေးနဲ့ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတယ်လို့ ဇန်နဝါရီ ၃၀ ရက် ထုတ်ပြန်ချက်ထဲမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောထားပါတယ်။ မြန်မာလူထုအနေနဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေမြင့်တက်လာတာ၊ လူအစုလိုက်အပြုံလိုက် အိုးမဲ့အိမ်မဲ့ဖြစ်တာ၊ လူပေါင်း ၅ ဒသမ ၂ သန်းနီးပါး နိုင်ငံကိုစွန့်ခွာပြီး အဲဒီလူတွေဟာ ပြည်ပမှာ စားနပ်ရိက္ခာမလုံလောက်မှု၊ စီးပွားရေးမတည်ငြိမ်မှုနဲ့ အကြမ်းဖက်မှု မြင့်တက်လာတာတွေ ကြုံတွေ့နေရတယ်လို့ သူက ဖြည့်ပြောပါတယ်။

အလားတူ နိုင်ငံထဲမှာ အရပ်သားပစ်မှတ်ထားတိုက်ခိုက်မှုတွေနဲ့ အရပ်ဘက်အခြေခံအဆောက်အအုံတွေ တိုက်ခိုက်ခံရတာတွေကိုလည်း ကုလအတွင်းရေးမှူးချုပ်က ထောက်ပြပါတယ်။

ကုလအနေနဲ့ မြန်မာလူထုအကြမ်းဖက်ခံနေရတဲ့ ပုံစံအားလုံးကို ပြင်းပြင်းထန်ထန်ရှုတ်ချပြီး နိုင်ငံတကာလူ့အခွင့်အရေးဥပဒေနဲ့ လူသားစာနာမှုဆိုင်ရာ ဥပဒေတွေကို လိုက်နာကျင့်သုံးဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် နိုင်ငံထဲက လူထုတွေ မဖြစ်မနေလိုအပ်နေတဲ့ လူသားချင်းစာနာမှုအကူအညီတွေကို အကန့်အသတ်မရှိနဲ့ လုံခြုံမှုရှိရှိပေးနိုင်ဖို့ သက်ဆိုင်သူအားလုံးအနေနဲ့ ပါဝင်ဖန်တီးပေးဖို့ကိုလည်း သူက တောင်းဆိုထားပါတယ်။

ကုလအတွင်းရေးမှူးချုပ်က မြန်မာမှာ ငြိမ်းချမ်းပြီး တရားမျှတတဲ့ လူ့အဖွဲ့အစည်းဖြစ်တဲ့အထိ မြန်မာလူထုနဲ့ ဆက်လက်ရပ်တည်မှာဖြစ်သလို ရိုဟင်ဂျာအပါအဝင် လူမှုအသိုင်းအဝိုင်းအားလုံးအတွက် အကာအကွယ်ပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

အရပ်ဘက်အုပ်ချုပ်ရေးပြန်ရောက်ဖို့ဆိုရင် အကြမ်းဖက်မှုတွေကို ချက်ခြင်းရပ်တန့်ရမှာဖြစ်ပြီး အမျိုးသမီးတွေ၊ လူငယ်၊ တိုင်းရင်းသားနဲ့ လူနည်းစုအသိုင်းအဝိုင်းတွေအပါအဝင် အရပ်ဘက်လူ့အဖွဲ့အစည်းတွေအားလုံးပါဝင်ဆွေးနွေးနိုင်တယ်ဆိုတဲ့ ကတိကဝတ်တစ်ခုအပေါ်မှာ အခြေခံဖို့လိုတယ်လို့ ကုလအတွင်းရေးမှူးချုပ်က ထောက်ပြပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ကလည်း မြန်မာမှာ ရေရှည် ငြိမ်းချမ်းရေးရဖို့ရာ အထောက်အပံ့ကောင်းတစ်ခုဖြစ်နိုင်မယ့် ဘုံသဘောတူညီချက်ကိုလည်း အာဆီယံအပြင် အခြားဒေသတွင်း မိတ်ဖက်နိုင်ငံတွေနဲ့ပါ အနီးကပ်ပူးပေါင်းဆောင်ရွက်နေတယ်လို့ ကုလထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အီရန်ဟာ စစ်ရေးအရတိုက်ခိုက်ခံမယ့်အစား သဘောတူညီမှုပဲ ယူလိမ့်မယ်လို့ ထရမ့်ပြော

သမ္မတ ဒေါ်နယ်ထရမ့်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, "သူတို့က သဘောတူညီမှုလိုချင်တယ်ဆိုတာ ကျွန်တော် အသေအချာပြောနိုင်ပါတယ်" လို့ ထရမ့် ပြော
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အမေရိကန်က စစ်ရေးအရ တိုက်ခိုက်တာကို ခံမယ့်အစား အီရန်ဟာ သဘောတူညီမှုရယူလိုနေတယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကပြောလိုက်ပါတယ်။

ဒါပေမဲ့ ဒုံးကျည်နဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေရှိတာကြောင့် သဘောတူမှုတွေမလိုအပ်ဘူးလို့ အီရန်ကပြောထားပါတယ်။

"သူတို့က သဘောတူညီမှုလိုချင်တယ်ဆိုတာ ကျွန်တော် အသေအချာပြောနိုင်ပါတယ်" လို့ ထရမ့်က သောကြာနေ့မှာ အိမ်ဖြူတော်မှာ သတင်းထောက်တွေကိုပြောခဲ့ပါတယ်။

အီရန်နိုင်ငံအနီးမှာ အမေရိကန်ရေတပ်အုပ်စုကြီးတစ်စု တပ်စွဲထားတာမို့ အီရန်အနေနဲ့သူ့ရဲ့ နျူကလီးယားစီမံကိန်းနဲ့ပတ်သက်လို့ သဘောတူညီမှုရယူဖို့ အချိန်သိပ်မရှိတော့ဘူးလို့ ထရမ့်က အီရန်ကို ဗုဒ္ဓဟူးနေ့မှာ ပြောခဲ့ပါတယ်။

အီရန်ဟာ အမေရိကန်ရဲ့စစ်ရေးအရ တိုက်ခိုက်တာကိုမလိုချင်ဘူးဆိုရင် နံပါတ်တစ် နျူကလီးယားမရှိစေရ၊ နံပါတ်နှစ် ဆန္ဒထုတ်ဖော်သူတွေကို သတ်တာရပ်ရမယ် ဆိုတဲ့ အချက်နှစ်ချက်ကို လိုက်နာရမယ်လို့ ထရမ့်က ကြာသပတေးနေ့မှာ ပြောခဲ့ပါတယ်။

အီရန်မှာ ဆန္ဒထုတ်ဖော်မှုတွေ စတင်ခဲ့တဲ့ ဒီဇင်ဘာအကုန်ပိုင်းစလို့ ဆန္ဒပြသူ ၅၉၀၀ ကျော်အပါအဝင် လူ ၆၃၀၀ ကျော် သတ်ဖြတ်ခံခဲ့ရပြီးဖြစ်တယ်လို့ အမေရိကန်အခြေစိုက် လူ့ခွင့်အရေးလှုပ်ရှားသူများသတင်းဌာန(HRANA) က ဖော်ပြခဲ့ပါတယ်။

အခုလောလောဆယ်မှာ အမေရိကန်နဲ့ ဆွေးနွေးဖို့ အစီအစဉ်မရှိသေးပေမဲ့ အပြန်အလှန်လေးစားမှု၊ ယုံကြည်မှုအပေါ်အခြေခံတဲ့ ဆွေးနွေးမှုတွေအတွက် တံခါးဖွင့်ထားတယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးကပြောဆိုခဲ့ပါတယ်။

အီရန်ရဲ့ မဟာအမျိုးသားလုံခြုံရေးကောင်စီအကြီးအကဲ အလီ လာရီဂျာနီဟာ ရုရှားသမ္မတဗလာဒီမီယာပူတင်နဲ့တွေ့ဆုံခဲ့တယ်လို့ ရုရှားအစိုးရက သောကြာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

သူတို့ဟာ အရှေ့အလယ်ပိုင်းနဲ့နိုင်ငံတကာအရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ရုရှားနိုင်ငံပိုင်သတင်းဌာန Ria-Novosoti က ဖော်ပြခဲ့ပါတယ်။

အီရန်ကတော့ သူတို့ရဲ့ နျူစီမံကိန်းဟာ ငြိမ်းချမ်းရေးအတွက်သာ ရည်ရွယ်ကြောင်း ပြောထားပေမဲ့ အမေရိကန်နဲ့ မဟာမိတ်တွေကတော့ အီရန်ဟာ နျူလက်နက်ရရှိဖို့ ကြိုးပမ်းနေတယ်လို့ စွပ်စွဲထားပါတယ်။

သဘောတူညီမှုရယူဖို့ နောက်ဆုံးရက်သတ်မှတ်ထားခြင်းရှိမရှိမေးမြန်းတဲ့ အခါ ထရမ့်က "သူတို့ပဲသိလိမ့်မယ်" လို့ ပြန်လည်ဖြေဆိုထားပါတယ်။

အီရန်မှာ အခုလအစောပိုင်းမှာ ဆန္ဒထုတ်ဖော်သူတွေကို အကြမ်းဖက်နှိမ်နင်းခဲ့ပြီးနောက် အမေရိကန်က ဆန္ဒပြသူတွေဘက်ကနေ ကြားဝင်စွက်ဖက်မယ်လို့ ထရမ့်က ကတိပြုပြောဆိုပြီးနောက် အခုလို သဘောတူညီမှုရယူဖို့ သတိပေးလိုက်တာပဲဖြစ်ပါတယ်။

စစ်ကိုင်း၊ မော်လူးမှာ လေကြောင်းဗုံးကြဲခံရလို့ မိသားစုလိုက် ၇ ဦးသေဆုံး

ဇန်နဝါရီ ၂၁ ရက်တုန်းက လေကြောင်းတိုက်ခံလိုက်ရတဲ့ NUG ရဲ့ ပကဖရုံးမြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, IR

ဓာတ်ပုံ ပုံစာ, ဇန်နဝါရီ ၂၁ ရက်တုန်းက လေကြောင်းတိုက်ခံလိုက်ရတဲ့ NUG ရဲ့ ပကဖရုံးမြင်ကွင်း

တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတတဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အင်းတော်မြို့နယ်ထဲက မော်လူးဒေသထဲကို စစ်တပ်က ဇန်နဝါရီ ၂၉ ရက်မှာ လေကြောင်းဗုံးကြဲခဲ့တာကြောင့် ဗုံးကျည်ထိမှန်ပြီး ကလေးငယ် ၂ ဦးအပါအဝင် ၈ ဦးသေဆုံးတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က အတည်ပြုပါတယ်။

သေဆုံးသူ ၈ ဦးမှာ ၇ ဦးကတော့ မိသားစုဝင်တွေဖြစ်ပြီး နောက်ထပ် ၁ ဦးကတော့ အိမ်နီးချင်းချင်းဖြစ်တယ်လို့ သိရပါတယ်။

ဗုံးဟာ လေဘိုရွာထဲ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး "ပေါင် ၅၀၀ ပြင်းအားဗုံးနဲ့ကြဲတာ" လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

လေဘိုရွာအနီးနားတဝိုက်မှာ ဇန်နဝါရီ ၂၉ ရက်မတိုင်ခင် ရှေ့ သုံးလေးရက်ကတည်းက စစ်တပ်ရဲ့ တိုက်လေယာဉ်တွေ ခပ်စိပ်စိပ်ဝဲပျံတာတွေရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် လေဘိုကျေးရွာအနီးမှာ ကချင်လွတ်လပ်ရေးတပ်(KIA) ရဲ့ ဆက်ဆံရေးရုံးလည်းရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်တုန်းကလည်း မော်လူးဒေသမှာရှိတဲ့ NUG ရဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ရုံးတစ်ခုကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့လို့ ပကဖအဖွဲ့ဝင် ၄ ဦးနဲ့ KIA တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပါတယ်။

မော်လူးအပါအဝင် အင်းတော်မြို့နယ်တစ်ခုလုံးကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ လက်အောက်ခံတပ်တွေနဲ့ ပူးပေါင်းတပ်တွေက ၂၀၂၅ ခုနှစ် ဧပြီလကတည်းက သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ်။

စစ်ကော်မရှင်ကတော့ အင်းတော်မြို့နယ်ထဲက လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ ဒီနေ့ ဇန်နဝါရီ ၃၁ ရက်အထိ သတင်းမထုတ်ပြန်သေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ အကြိမ်ကြိမ်တိုက်တွန်းခဲ့ပေမဲ့ စစ်တပ်ကလက်မခံခဲ့ကြောင်း ဂျပန်ပြော

၂၀၁၇ ခုနှစ်က ဘယ်လ်ဂျီယံ၊ ဘရက်ဆဲလ်မြို့မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ တွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၁၇ ခုနှစ်က ဘယ်လ်ဂျီယံ၊ ဘရက်ဆဲလ်မြို့မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ တွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်

ဂျပန်အပါအဝင် နိုင်ငံတကာက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကို ပြန်လွှတ်ပေးပြီး နိုင်ငံရေးအရဆွေးနွေးကြဖို့ အကြိမ်ကြိမ် တိုက်တွန်းခဲ့ပေမဲ့ ဖြစ်မလာခဲ့ဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒီကြိုးပမ်းအားထုတ်မှုတွေမလုပ်ဘဲ ရွေးကောက်ပွဲကျင်းပခဲ့တာကို စိတ်မသက်မသာဖြစ်ရတယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး မိုတေးဂီက မနေ့က ထုတ်ပြန်ပါတယ်။

ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး အနီးကပ် ဆက်လက်စောင့်ကြည့်သွားမှာဖြစ်သလို ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေ ပြန်လွှတ်ပေးဖို့ ဆက်လက်အရှိန်မြှင့်တိုက်တွန်းမယ်လို့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် လေကြောင်း တိုက်ခိုက်မှုတွေနဲ့ တခြား အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ကိုပါ အရှိန်မြှင့်တိုက်တွန်းသွားမယ်လို့ ဆိုပါတယ်။

အခက်အခဲကြုံတွေ့နေတဲ့ မြန်မာပြည်သူတွေကို တိုက်ရိုက်အကျိုးခံစားခွင့်ရအောင် ဆက်လက်ပံ့ပိုးမယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။