မော်စီကို ထောက်ခံသူ ၁၈၃ ဦးကို အီဂျစ် သေဒဏ် ချမှတ်

မွတ်ဆလင် ညီနောင်များ အဖွဲ့ အင်အားကောင်းတဲ့ Kerdasa မြို့မှာ ရဲစခန်း တိုက်ခိုက်ခံခဲ့ရ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, မွတ်ဆလင် ညီနောင်များ အဖွဲ့ အင်အားကောင်းတဲ့ Kerdasa မြို့မှာ ရဲစခန်း တိုက်ခိုက်ခံခဲ့ရ

အီဂျစ် နိုင်ငံမှာ ကိုင်ရို မြို့အနီးက ရဲစခန်း တစ်ခုကို တိုက်ခိုက် ခဲ့မှုနဲ့ ပတ်သက်ပြီး မွတ်ဆလင် ညီနောင်များ အဖွဲ့ကို ထောက်ခံသူ ၁၈၃ ယောက်အပေါ် အီဂျစ် တရားရုံးက သေဒဏ် ပြစ်ဒဏ်တွေ အတည်ပြု ချမှတ် လိုက်ပါတယ်။

အဲဒီ လူတွေဟာ ၂၀၁၃ ခုနှစ်က Kerdasa မြို့ ရဲစခန်း တိုက်ခိုက် ခံရမှုမှာ ရဲအရာရှိ အနည်းဆုံး ၁၁ ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ပြစ်ဒဏ် ချမှတ် ခံရတာပါ။

ဖြုတ်ချ ခံရတဲ့ သမ္မတဟောင်း မိုဟာမက် မော်စီကို ထောက်ခံသူတွေကို အီဂျစ် တပ်ဖွဲ့တွေက ၂၀၁၃ ဇူလိုင်မှာ ရှင်းလင်း ချေမှုန်း ခဲ့ပြီးနောက် မကြာမီမှာ Kerdasa မြို့ ရဲစခန်း တိုက်ခိုက် ခံခဲ့ရတာ ဖြစ်ပါတယ်။

သမ္မတဟောင်း မော်စီကို ထောက်ခံတဲ့ ရာနဲ့ချီတဲ့ လူတွေကို အီဂျစ် အစိုးရက သေဒဏ်တွေ ချမှတ်ခဲ့ပြီး ဖြစ်ပေမယ့် ကွပ်မျက်မှုတွေတော့ မရှိသေးပါဘူး။