အပါသိုက် ကာလ သတ်ဖြတ်မှု အကြီးအကဲကို အာမခံနဲ့ လွှတ်ပေး

ဓာတ်ပုံ ရင်းမြစ်, AFP
တောင်အာဖရိကမှာ Apartheid အပါသိုက် လို့ခေါ်တဲ့ အသားရောင် ခွဲခြားရေးစနစ် ကျင့်သုံးခဲ့တဲ့ ကာလတွေက လူမည်းတွေကို လိုက်လံ တိုက်ခိုက် သတ်ဖြတ်တဲ့ တပ်ဖွဲ့တွေရဲ့ အကြီးအကဲ ယူဂျင်း ဒေကော့ Eugene de Kock ဟာ ထောင်ထဲမှာ အနှစ် ၂၀ နေခဲ့ရပြီးနောက် အခုတော့ တရားရုံးက သူ့ကို အာမခံနဲ့ ပြန်လွှတ်ပေးဖို့ ဆုံဖြတ်ခဲ့ပါတယ်။
တရားရေး ဝန်ကြီး Michael Masutha ကတော့ နိုင်ငံတော် ပြန်လည် တည်ဆောက်ရေးကို ရှေ့ရှုပြီး အခုလို ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။
၆၆ နှစ် ရှိပြီ ဖြစ်တဲ့ မစ္စတာ ဒေကော့ကို တောင်အာဖရိကမှာတော့ မဟာ မကောင်းဆိုးဝါးကြီးလို့ အသိများကြပါတယ်။
သူဟာ လူဖြူအစိုးရကို ဆန့်ကျင်သူ ၁၀၀ ကျော်ကို သတ်ဖြတ်ခဲ့မှု၊ ညှဉ်းပမ်း နှိပ်စက်ခဲ့မှုတွေကို ကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့အပြီး ၁၉၉၆ ခုနှစ်မှာ ထောင်ဒဏ် တစ်သက် ၂ ကြိမ် ချမှတ် ခံခဲ့ရတာ ဖြစ်ပါတယ်။
သူ့ရဲ့ နှိပ်စက်မှုတွေ ခံစားခဲ့ရသူတွေရဲ့ မိသားစုတွေက ဒီဆုံးဖြတ်ချက်ကို နားလည်ကြောင်း ပြောပေမယ့် တချို့ကတော့ စိတ်ပျက်ကြောင်း ပြောပါတယ်။




