ရုရှားကို ထပ်မံ ပိတ်ဆို့ဖို့ အီးယူ ဆွေးနွေးမယ်

ဓာတ်ပုံ ရင်းမြစ်, AFP
ယူကရိန်း အရှေ့ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန် လာပြီးနောက်ပိုင်း ရုရှား အစိုးရ အပေါ် ထပ်မံ ဒဏ်ခတ် ပိတ်ဆို့ရေး ဆွေးနွေးကြဖို့ အီးယူရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေ ဘရပ်ဆဲလ် မြို့ကို ရောက်ရှိ နေပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ် အကုန်မှာ ယူကရိန်း အရှေ့ပိုင်းက Mariupol မြို့ကို ရုရှား လိုလားတဲ့ ခွဲထွက်ရေး သူပုန်တွေ တိုက်ခိုက်ခဲ့လို့ လူ ၃၀ သေဆုံး ခဲ့ရပြီးနောက် ဒီဆွေးနွေးပွဲကို အရေးပေါ် ခေါ်ယူ လိုက်တာပါ။
ယူကရိန်း အရှေ့ပိုင်းမှာ ရုရှား တင့်ကားတွေနဲ့ သံချပ်ကာ ယာဉ်တွေ ရာနဲ့ချီပြီး ရှိနေတယ်လို့ နေတိုး အဖွဲ့က ပြောပါတယ်။
ရုရှား အစိုးရကတော့ တိုက်ခိုက်မှုတွေမှာ တိုက်ရိုက် ပါဝင်ခြင်း မရှိဘူးလို့ ငြင်းဆိုထားပြီး ကိုယ့်သဘောနဲ့ကိုယ် သူပုန်တွေနဲ့ အတူ တိုက်ခိုက်နေတဲ့ ရုရှား နိုင်ငံသား အချို့ ရှိတယ်လို့ပဲ ပြောပါတယ်။
အခုလောလောဆယ်မှာ ပြီးခဲ့တဲ့ သီတင်းပတ် တုန်းကလောက် မပြင်းထန်ပေမယ့် ယူကရိန်း စစ်တပ်နဲ့ ခွဲထွက်ရေး လက်နက်ကိုင်တွေ အကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပြီး လွန်ခဲ့တဲ့ ၂၄ နာရီ အတွင်းမှာ ယူကရိန်း စစ်တပ်က တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ ယူကရိန်း အာဏာပိုင်တွေက ပြောပါတယ်။




