ဘာသာတရား အားလုံးကို ပြင်သစ် ကာကွယ်ပေးမယ်

ဓာတ်ပုံ ရင်းမြစ်, Getty
ဘာသာရေး အစွန်းရောက်မှုတွေရဲ့ သားကောင် ဖြစ်ရသူတွေဟာ မွတ်ဆလင်တွေသာ ဖြစ်ပြီး ပြင်သစ် နိုင်ငံ အနေနဲ့ ကိုးကွယ်ရာ ဘာသာ အားလုံးကို အကာအကွယ် ပေးသွားမှာ ဖြစ်တယ်လို့ ပြင်သစ် သမ္မတ ဖရန်ဆွာ အော်လန်းက ကတိပေး ပြောဆိုလိုက်ပါတယ်။
ပဲရစ်မြို့မှာ ရှိတဲ့ Arab World Institute မှာ သမ္မတ ဖရန်ဆွာ အော်လန်း မိန့်ခွန်းပြောစဉ် ခုလို ပြောခဲ့တာ ဖြစ်ပြီး အစ္စလာမ် ဘာသာဟာ ဒီမိုကရေစီ စနစ်နဲ့ သဟာဇာတ ဖြစ်ကြောင်းနဲ့ ပဲရစ်မြို့မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှု အပေါ် တစိတ်တဝမ်းတည်း ဆန့်ကျင်တဲ့ အာရပ်တွေကိုလည်း ကျေးဇူးတင်ကြောင်း သူက ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က အစွန်းရောက် အစ္စလာမ် ဝါဒီတွေရဲ့ တိုက်ခိုက်မှုကြောင့် ပဲရစ်မြို့ တဝိုက်မှာ စုစုပေါင်း လူ ၁၇ ဦး သေဆုံး ခဲ့ရပြီးနောက် သူက ခုလို ပြောခဲ့တာ ဖြစ်ပါတယ်။
ရှာလီ အက်ဘ်ဒိုး သရော်စာ မဂ္ဂဇင်း တိုက်ခိုက် ခံရမှုမှာ သေဆုံးခဲ့တဲ့ ကာတွန်းဆရာတွေနဲ့ သတင်းသမား အတော်များများကို ဒီကနေ့မှာ သီးသန့် အခမ်းအနားတွေနဲ့ သင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။




