အတိုက်ခံရတဲ့ ပြင်သစ် မဂ္ဂဇင်း စောင်ရေ ၃ သန်း ဖြန့်မယ်

ဓာတ်ပုံ ရင်းမြစ်, epa
ပြင်သစ် နိုင်ငံမှာ သရော်စာ တွေကို အပတ်စဉ် ထုတ်နေတဲ့ Charlie Hebdo မဂ္ဂဇင်းက သူတို့ ရုံးခန်း ပစ်ခတ် ခံရလို့ အယ်ဒီတာနဲ့ ကာတွန်း ဆရာတွေ အသက်ဆုံးခဲ့ ပြီးနောက် မနက်ဖြန် ဗုဒ္ဓဟူးနေ့မှာ ပြန်ထုတ်မယ့် မဂ္ဂဇင်းကို စောင်ရေ ၃ သန်း ဖြန့်ချိမယ်လို့ သိရပါတယ်။
အဲဒီ မဂ္ဂဇင်း အဖုံးမှာ တမန်တော် မိုဟာမက်က Je suis Charlie (ငါ ချာလီ) လို့ ရေးထားတဲ့ စာရွက်ကို ကိုင်ထားတဲ့ပုံ ကာတွန်းကို ရေးဆွဲ ထားပြီး ပုံရဲ့ အပေါ်မှာတော့ 'အားလုံးကို ခွင့်လွှတ်တယ်' ဆိုတဲ့ စာတန်းကို ရေးထားတယ်လို့ သိရပါတယ်။
မဂ္ဂဇင်းက သတင်းသမား တစ်ယောက် ဖြစ်တဲ့ ဇိုင်နပ် ရာဇူအီက တိုက်ခိုက် ခံရမှုကြောင့် သူတို့တွေကို ကြောက်ရွံ့ နောက်တွံ့သွားစေမှာ မဟုတ်ဘူးလို့ ပြောသလို ကမ္ဘာတဝန်းက မီဒီယာ တော်တော်များများမှာလည်း ဒီမျက်နှာဖုံးကို ဖော်ပြ ခဲ့ကြပါတယ်။
ပြင်သစ်က မွတ်ဆလင် အဖွဲ့တွေကတော့ အခု ထွက်လာမယ့် မဂ္ဂဇင်းရဲ့ မျက်နှာဖုံးနဲ့ ပတ်သက်ပြီး ဘာမှ စိတ်လိုက်မာန်ပါ မတုန့်ပြန်ကြဖို့ မေတ္တာရပ်ခံ နေပါတယ်။
ဒီမဂ္ဂဇင်းကို ပုံမှန် စောင်ရေ ခြောက်သောင်း လောက်ပဲ ရောင်းရလေ့ ရှိပေမယ့် အခု တိုက်ခိုက်မှု ဖြစ်အပြီး ကမ္ဘာတလွှားက အမှာစာတွေ အများအပြား ရရှိခဲ့တယ်လို့ ဆိုပါတယ်။




