သီရိလင်္ကာ သမ္မတသစ်က စာနယ်ဇင်း လွတ်လပ်ခွင့်ကို အာမခံ

ဓာတ်ပုံ ရင်းမြစ်, AFP
သီရိလင်္ကာ သမ္မတသစ် မိုင်ထြီပါလ ဆီရာဆီးနား ဟာ စာနယ်ဇင်း လွတ်လပ်ခွင့် ရှိရမယ် လို့ အာမခံ လိုက်ပြီး ပြည်ပရောက် အတိုက်အခံ နိုင်ငံရေး သမားတွေ ကိုလည်း ပြန်လာ ကြဖို့ ဖိတ်ခေါ် လိုက်ကြောင်း သီရိလင်္ကာ အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ် က ဆိုပါတယ်။
သီရိလင်္ကာ အစိုးရ ဟာ နိုင်ငံရေး အတိုက်အခံ အင်တာနက် ဝက်ဘ်ဆိုက် တွေ အပေါ် ဆင်ဆာ ဖြတ်တောက် နေတာတွေ ကို ချက်ချင်း ရပ်တန့် ဖို့ အမိန့်ထုတ် လိုက်တဲ့ အပြင် စာနယ်ဇင်း သမားတွေ နဲ့ နိုင်ငံရေး သမားတွေ ရဲ့ ဖုန်းတွေ ကို ကြားဖြတ် နားထောင် တာမျိုး၊ စောင့်ကြည့်တာမျိုး လည်း မလုပ်ရ တော့ဘူး လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့လို့ သမ္မတ နေရာက ဖယ်ပေး ခဲ့ရတဲ့ မဟိန္ဒာ ရာဂျာပါ့ခ်ဆာ လက်ထက် တုန်းကတော့ အတိုက်အခံ တွေ အပေါ် လုံး၀ သည်းမခံမှု ကြောင့် အတော် ဝေဖန် ခံခဲ့ ရပါတယ်။
မစ္စတာ ရာဂျာပါ့ခ်ဆာ က သူ့ အနေနဲ့ အာဏာကို ဆက်လက် ချူပ်ကိုင် ထားနိုင်ဖို့ စစ်တပ်ရဲ့ အကူအညီ တောင်းခံ ခဲ့ပေမယ့် စစ်တပ်က ငြင်းပယ်ခဲ့တာ ဖြစ်တယ် လို့လည်း အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ် က ပြောပါတယ်။
ဒီ ပြောဆိုချက် အပေါ် သီရိလင်္ကာ စစ်တပ် ကတော့ မှတ်ချက် တစုံတရာ မပြုလုပ် ခဲ့ပါဘူး။




