မဂ္ဂဇင်းတိုက် ပစ်ခတ်သူလို့ သံသယရှိသူ ၂ ဦး ဓာတ်ဆီဆိုင်ကို ဝင်လု

မဂ္ဂဇင်းတိုက် ပစ်ခတ်သူတွေလို့ သံသယရှိသူ ညီအစ်ကို နှစ်ယောက်

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ, မဂ္ဂဇင်းတိုက် ပစ်ခတ်သူတွေလို့ သံသယရှိသူ ညီအစ်ကို နှစ်ယောက်

ပဲရစ်မြို့က Charlie Hebdo သရော်စာ မဂ္ဂဇင်း ရုံးခန်းကို ဗုဒ္ဓဟူးနေ့က ဝင်ရောက် ပစ်ခတ် ခဲ့သူတွေလို့ သံသယရှိသူ ၂ ဦးဟာ ကြာသပတေးနေ့ မနက်ပိုင်းမှာ ပြင်သစ် နိုင်ငံ မြောက်ပိုင်းက ဓာတ်ဆီဆိုင် တစ်ဆိုင်ကို လုယက် ခဲ့ကြတယ်လို့ သတင်း ရရှိပါတယ်။

မျက်နှာဖုံး စွပ်ထားသူ နှစ်ယောက်ဟာ သေနတ်တွေ ပစ်ဖောက်ပြီး အဲဒီ ဆိုင်ကနေ အစားအစာနဲ့ ဓာတ်ဆီတွေ လုယူခဲ့ကြတယ်လို့ ပြင်သစ် သတင်းမီဒီယာက ဖော်ပြပါတယ်။

အဲဒီ ဆိုင်မန်နေဂျာရဲ့ အဆိုအရ တိုက်ခိုက်သူ နှစ်ဦးဟာ ကလက်ရှ်နီကော့ဗ် သေနတ်တွေ၊ ရော့ကတ် လောင်ချာတွေ ကိုင်ဆောင်ထားပြီး သူတို့ရဲ့ ပုံပန်း သဏ္ဌာန်အရ မဂ္ဂဇင်း ရုံးခန်းကို ပစ်ခတ် ခဲ့သူတွေလို့ သံသယရှိတဲ့ Cherif Kouachi နဲ့ Said Kouachi တို့ ဖြစ်နိုင်ကြောင်း သိရပါတယ်။

သူတို့ဟာ ပဲရစ် မြို့ထဲကို ပြန်လည် ဦးတည် ထွက်ခွာသွားတယ်လို့ ယုံကြည်ရတဲ့ အတွက် မြို့ရဲ့ အဓိက ဝင်ပေါက်တွေမှာ ရဲတွေ စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ကြာသပတေးနေ့ မနက် အစောပိုင်းကလည်း ပဲရစ်မြို့ တောင်ပိုင်းမှာ သေနတ်သမား တစ်ယောက်က ရဲမေ တစ်ယောက်ကို ပစ်သတ်မှု ဖြစ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ဒီတိုက်ခိုက်မှုဟာ မဂ္ဂဇင်းကို တိုက်ခိုက်ခဲ့သူတွေနဲ့ ဆက်စပ်မှု ရှိမရှိ မသိရသေးပါဘူး။