ရှာလီအက်ဘ်ဒိုး မဂ္ဂဇင်းတိုက် ပစ်ခတ်ခဲ့သူတွေကို အကြီးအကျယ် ရှာဖွေ

ဓာတ်ပုံ ရင်းမြစ်, AFP
ပြင်သစ် နိုင်ငံမှာ အစ္စလာမ် ဘာသာရေး စာတွေ ဟစ်ကြွေး ပြီး ရှာလီ အက်ဘ်ဒိုး သရော်စာ မဂ္ဂဇင်းတိုက်ကို ဝင်ရောက် ပစ်ခတ်ခဲ့ကြတဲ့ သေနတ်သမား တွေကို အကြီးအကျယ် ရှာဖွေ နေကြပါတယ်။
ပစ်ခတ် ခံခဲ့ရလို့ သေဆုံး ခဲ့ကြရတဲ့ ရှာလီ အက်ဘ်ဒိုး သရော်စာ မဂ္ဂဇင်းက စာနယ်ဇင်း သမား တွေ ကိုင်စွဲ မြှင့်တင် ခဲ့တဲ့ လွတ်လပ်ခွင့် ဆိုတဲ့ သတင်း စကားကို ပြင်သစ် နိုင်ငံ အနေနဲ့ ဆက်လက် ကာကွယ် သွားမှာ ဖြစ်တယ် လို့ ပြင်သစ် သမ္မတ ဖရော်န်ဆွာ အိုလော်န့် က ပြောကြား လိုက်ပါတယ်။
အဲဒီ့ စာနယ်ဇင်း ဆရာတွေ ဟာ သူရဲဘောကြောင်တဲ့ လုပ်ကြံ ခံရမှုကြောင့် သေဆုံးခဲ့ရတဲ့ သူရဲကောင်း တွေ ဖြစ်ကြတယ် ဆိုပြီး တော့လည်း သမ္မတ အိုလော်န့်က တိုင်းပြည်ကို ရုပ်မြင်သံကြား ကနေ ပြောကြား ခဲ့ပါတယ်။
ဇန်နဝါရီ ၈ ရက် ကြာသပတေး နေ့ကိုလည်း တနိုင်ငံလုံး ဝမ်းနည်းပူဆွေးဖွယ် အမှတ်တရ နေ့ အဖြစ် ကြေညာ လိုက်ပါတယ်။
ရှာလီ အက်ဘ်ဒိုး မဂ္ဂဇင်းတိုက် ပစ်ခတ် ခံရမှုမှာ အနည်းဆုံး လူ ၁၂ ဦး သေဆုံး ခဲ့ပြီး ဒါဟာ ရာစုနှစ် ထက်ဝက် နှစ် ၅၀ အတွင်း ပြင်သစ် နိုင်ငံ မှာ အသေအပျောက် အများဆုံး တိုက်ခိုက် ခံခဲ့ရမှု ဖြစ်ပါတယ်။
အစ္စလာမ် ဘာသာဝင် တို့ရဲ့ တမန်တော် မိုဟာမက်ဒ် ရဲ့ ကာတွန်းပုံတွေ ပုံနှိပ် ခဲ့တဲ့ အတွက် ရှာလီ အက်ဘ်ဒိုး မဂ္ဂဇင်း အပေါ် မွတ်ဆလင်မ် တွေ ဒေါသထွက် ခဲ့ကြတဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်။
ပစ်ခတ်မှု ကြောင့် သေဆုံး ခဲ့ကြ သူတွေ ထဲမှာ အယ်ဒီတာ စတေဖန် ရှာဘိုညေး အပါအဝင်၊ နာမည်ကျော် ကာတွန်း ဆရာ ၃ ဦးနဲ့ ရဲအရာရှိ ၂ ဦး တို့လည်း အပါအဝင် ဖြစ်ပါတယ်။
ကျူးလွန် ခဲ့ကြသူတွေ ဆိုပြီး သံသယ ရှိရတဲ့ လူ ၃ ဦး ကို ဆက်လက် ရှာဖွေ နေကြဆဲ ဖြစ်ပြီး အဲဒီ့ထဲမှာ အယ်လ်ဂျီးရီးယား နွယ်ဖွား ညီအစ်ကို ၂ ဦး ပါ၀င်တယ်လို့ ပြင်သစ် ရဲတွေက ဆိုပါတယ်။








