လူသတ်မှုအတွက် မြောက်ကိုရီးယားကို တရုတ် ကန့်ကွက်

တရုတ် နိုင်ငံ နယ်စပ် မြို့တစ်မြို့မှာ ထွက်ပြေးလာတဲ့ မြောက်ကိုရီးယား စစ်သား တစ်ယောက်က တရုတ် အရပ်သား ၄ ယောက်ကို သတ်ဖြတ်ခဲ့တယ် ဆိုတဲ့ သတင်း ပေါ်ထွက် လာပြီးနောက် မြောက်ကိုရီးယားကို တရုတ် နိုင်ငံက ကန့်ကွက် လိုက်ပါတယ်။
အဲဒီ မြောက်ကိုရီးယား စစ်သားဟာ နယ်စပ်ကို ဖြတ်ကျော် ဝင်ရောက် လာပြီး Helong မြို့က အိမ်တစ်အိမ်မှာ ငွေကြေးနဲ့ အစားအစာတွေ ခိုးယူ ခဲ့ပြီးနောက် အိမ်သားတွေကို သတ်ခဲ့တာလို့ ဒေသခံ သတင်း မီဒီယာတွေက ဖော်ပြကြပါတယ်။
အဲဒီနောက် သူ့ကို တရုတ်နဲ့ မြောက်ကိုရီးယား နယ်စည်း ပေါ်က Tumen မြစ် မြောက်ပိုင်းမှာ ဖမ်းဆီး မိခဲ့ပါတယ်။
အဲဒီ Tumen မြစ်ဟာ မြောက်ကိုရီးယား ဘက်က ထွက်ပြေးသူတွေ နှစ်ပေါင်းများစွာ အသုံးပြုခဲ့တဲ့ မြစ် ဖြစ်ပါတယ်။
တရုတ် နိုင်ငံခြားရေး ဌာန ဘက်က အသေးစိတ် ထုတ်ဖော် မပြောပေမယ့် ဥပဒေအရ လိုအပ်သလို လုပ်ဆောင် သွားမယ်လို့ ဆိုတဲ့ အတွက် အဲဒီ လူကို တရုတ်နိုင်ငံမှာပဲ တရားစွဲ အရေးယူ သွားမယ်လို့ ယူဆရပါတယ်။




