အသေအပျောက် အများဆုံး ဆီးရီးယားပြည်တွင်းစစ်

_syria_child_

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, တိုက်ပွဲ အတွင်းမှ ကလေးငယ်များ

နှစ်ဟောင်းကုန်လို့ နှစ်သစ်ပြောင်းချိန် ပြီးခဲ့တဲ့ တနှစ်လုံး အတွင်းမှာ၊ ၄ နှစ်ကြာ ခဲ့ပြီ ဖြစ်တဲ့ ဆီးရီးယား နိုင်ငံ ပြည်တွင်းစစ် ရဲ့ အသေအပျောက် စါရင်း ကို ယူကေ အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး လေ့လာရေး အဖွဲ့ က ထုတ်ပြန် လိုက်တာ ကို ဘီဘီစီ သတင်းထောက် အယ်လင် ဂျွန်စတင် က ပေးပို့လိုက်ပါတယ်။

ဒီအခါမှာ နိုင်ငံတကာ မှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်တွေ အနက် ဆီးရီးယား က အသေအပျောက် အများဆုံး ဖြစ်လို့ အဆိုးဝါးဆုံးဖြစ်တာ ကို အယ်လင် ဂျွန်စတင် က ထောက်ပြပါတယ်။ ဒီ လူ့အခွင့်အရေး အဖွဲ့ ရဲ့ စါရင်းအရ၊ သမ္မတ အာဆတ် အစိုးရ ကို ဆန့်ကျင် တိုက်ခိုက်တဲ့ သူပေါင်း ၁၇၀၀၀ ကျော် အနက်၊ တိုက်ပွဲ မှာ ကြားညပ် သေဆုံးတဲ့ အရပ်သား တွေလည်း ပါဝင် ပါတယ်။ ဒီအထဲမှာ ကလေးတွေ က ၃၅၀၀ ကျော် ရှိပါတယ်။ အစိုးရ ဘက် က တပ်ဖွဲ့ဝင် ၂၀၀၀၀ ကျော် သေဆုံးတဲ့ အထဲမှာလည်း အစိုးရ ကို ထောက်ခံသူတွေ ပါကြောင်း လည်း သိရလို့ ၂၀၁၄ ခုနှစ် အတွင်း သေဆုံးသူ ၇၆၀၀၀ ကျော်တာပါ လို့ ရှင်းပြပါတယ်။

သမ္မတ အာဆတ် ကတော့ မနေ့ က နှစ်သစ်ကူးနေ့ မှာ ဒမတ်စကတ်စ် မြို့တော်ရဲ့ ဆင်ခြေဖုံးရှိ ဂျိုဘာ ရှေ့တန်း စခန်း က တပ်ဖွဲ့ဝင်တွေ ကို လာရောက်အားပေး စကား ပြော၊ လက်ဆုံ လည်း စားခဲ့ ပါသေးတယ်။

နောက်ပိုင်း တိုက်ပွဲ တွေ ကို ကြည့်မယ် ဆိုရင်လည်း ဆီးရီးယား အစိုးရ နဲ့ ဆန့်ကျင်သူတွေ တိုက်ပွဲ မဟုတ်တော့ ပဲ အိုင်အက်စ် အစ္စလမ်မစ် နိုင်ငံ တပ်ဖွဲ့ဝင် တွေနဲ့ ပါ ရင်ဆိုင် နေကြရတာပါ။ ဒါကြောင့်မို သမ္မတ အာဆတ် က အခု နှစ်သစ် ၂၀၁၅ မှာလည်း ပြည်တွင်းစစ် ချုပ်ငြိမ်း မဲ့ အသွင် မမြင်သေး ပုံ ပြောတာ ကို ဘီဘီစီ သတင်းထောက် အယ်လင်ဂျွန်စတင် က သတင်း ပေးပို့ လိုက် ပါတယ်။