ဆီးရီးယား ဒုက္ခသည်တွေကို ရိက္ခာ ထောက်ပံ့မှု ကုလ ရပ်ဆိုင်းရ

လက်ဘနွန်နဲ့ ဂျော်ဒန် မှာရှိတဲ့ ယာယီ ဒုက္ခသည် စခန်းတွေက ဒုက္ခသည်တွေကို WFP က ပိုစိုးရိမ်နေ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, လက်ဘနွန်နဲ့ ဂျော်ဒန် မှာရှိတဲ့ ယာယီ ဒုက္ခသည် စခန်းတွေက ဒုက္ခသည်တွေကို WFP က ပိုစိုးရိမ်နေ

အိမ်နီးချင်း နိုင်ငံတွေမှာ ရောက်နေကြတဲ့ ဆီးရီးယား ဒုက္ခသည် ၁ ဒဿမ ၇ သန်း ကျော် အတွက် မရှိမဖြစ် လိုအပ်တဲ့ စားနပ်ရိက္ခာ ထောက်ပံ့မှု တွေကို ဆိုင်းငံ့ လိုက်ရပြီလို့ ကုလ သမဂ္ဂရဲ့ WFP ကမ္ဘာ့ စားနပ် ရိက္ခာ အစီအစဉ်က ပြောပါတယ်။

ဂျော်ဒန်၊ လက်ဘနွန်၊ တူရကီ၊ အီရတ်နဲ့ အီဂျစ် နိုင်ငံတို့မှာ ရှိတဲ့ ဆိုင်တွေမှာ စားစရာတွေ ရယူဖို့ သုံးနိုင်တဲ့ ဘောင်ချာ လက်မှတ်တွေ ဒုက္ခသည်တွေ အတွက် ထုတ်ပေးတာကို ရန်ပုံငွေ အခက်အခဲကြောင့် ရပ်ရတော့မှာ ဖြစ်တယ်လို့ WFP က ပြောပါတာယ်။

စားစရာ အကူအညီ မရကြရင် မိသားစု အတော်များများ ဒီနှစ် ဆောင်းရာသီမှာ ငတ်မွတ် ခေါင်းပါးမှုနဲ့ ကြုံကြရလိမ့်မယ် လို့လည်း WFP က သတိပေးပါတယ်။

အလှူ ရှင် နိုင်ငံတွေ အနေနဲ့ အလှူ ငွေတွေ ပိုပေးဖို့ WFP အမှုဆောင် ညွှန်ကြားရေးမှူး Ertharin Cousin က တိုက်တွန်း လိုက်ပြီး ဒုက္ခသည်တွေကို အစားအစာ ထောက်ပံ့ဖို့ ဒီဇင်ဘာ တစ်လတည်း အတွက်ကို ဒေါ်လာ ၆၄ သန်း လိုအပ်တယ်လို့ ဆိုပါတယ်။

အခုလို ရိက္ခာ ထောက်ပံ့မှု အစီအစဉ် ဆိုင်းငံ့မှုကြောင့် ဒုက္ခသည်တွေ အတိ ဒုက္ခ ရောက်ကြရမယ့် အပြင် အိမ်ရှင် နိုင်ငံတွေ မှာလည်း မတည်မငြိမ် မှုတွေ တိုးပွား လာနိုင်တယ်လို့ သူက ပြောပါတယ်။