မက်ဆီကိုမှာ ဒေသခံ ရဲအဖွဲ့တွေ ဖျက်သိမ်းမယ်

ဓာတ်ပုံ ရင်းမြစ်, AFP
မက်ဆီကို နိုင်ငံမှာ အကျင့်ပျက် ခြစားမှုတွေ ရှိတယ် ဆိုပြီး အကြီးအကျယ် စွပ်စွဲ ခံနေရတဲ့ နိုင်ငံ တနံတလျားက ဒေသန္တရ ရဲတပ်ဖွဲ့ အသီးသီးကို ဖျက်သိမ်း တော့မယ့် အစီအစဉ် အပေါ် ထောက်ခံမှာ ဖြစ်တဲ့ အကြောင်း၊ မက်ဆီကို သမ္မတ အဲနရီကာ ပဲန်ညာ ညေးတိုးက ပြောလိုက်ပါတယ်။
ဂယ်ရဲရိုး ပြည်နယ်မှာ ကျောင်းသား ၄၃ ယောက် ပျောက်ဆုံး သွားရတဲ့ ဒေသန္တရ ရဲတွေနဲ့ ဆက်စပ်နေတဲ့ အမှုကိစ္စ ပေါ်ပေါက် လာခဲ့ အပြီး ၂ လ ကျော် လောက်မှာ၊ ဒီလို ဒေသခံ ရဲတပ်ဖွဲ့တွေ ကို ဖျက်သိမ်းမယ့် အစီအစဉ် ထွက်ပေါ် လာခဲ့တာ ဖြစ်ပါတယ်။
မက်ဆီကို နိုင်ငံမှာ ဗဟိုအစိုးရ ရဲတပ်ဖွဲ့ ၂ ခုနဲ့ သက်ဆိုင်ရာ ပြည်နယ်ရဲ အဖွဲ့ ၃၀ ကျော် အပြင်၊ ဒေသန္တရ ရဲ အဖွဲ့ငယ်ပေါင်း ထောင်နဲ့ချီပြီး ရှိနေပါတယ်။
အခုတော့ အဲဒီ့ ဒေသန္တရ ရဲအဖွဲ့ငယ်တွေ နေရာမှာ ပြည်နယ်အဆင့် ရဲတပ်ဖွဲ့က တာဝန်ယူ လာနိုင်တယ် ဆိုပြီး၊ သမ္မတ ပဲန်ညာ ညေးတိုးက ဆိုပါတယ်။
ဒီလို ပြုပြင် ဆောင်ရွက်မှု တွေကို ဂယ်ရဲရိုး ပြည်နယ်နဲ့ ဝန်းကျင် နယ်တွေဖြစ်တဲ့ မက်ဆီကို အနောက်တောင်ဘက် ဒေသတွေမှာ စတင် လုပ်ဆောင် မှာ ဖြစ်ပါတယ်။




