မြောက်ကိုရီးယားကို ICC ခုံရုံးတင်ဖို့ ကုလ ကြိုးပမ်း

ဓာတ်ပုံ ရင်းမြစ်, AFP
မြောက်ကိုးရီးယားရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ရာဇဝတ် ခုံရုံးကို တင်ဖို့ ကုလသမဂ္ဂရဲ့ ကော်မီတီ တစ်ခုက လုံခြုံရေး ကောင်စီကို တိုက်တွန်း လိုက်ပါတယ်။
မြောက်ကိုးရီးယားက အကျဉ်းစခန်း တွေမှာ အကျဉ်းသားတွေကို နှိပ်စက် ညှဉ်းပမ်းတာ၊ မုဒိန်းကျင့်တာ၊ ကိုယ်ဝန် ဖျက်ချခိုင်းတာ၊ မတရား ခိုင်းစေတာတွေ ရှိတယ်လို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာ တစ်စောင်က အခုနှစ် အစောပိုင်းက ထောက်ပြခဲ့ အပြီး အခုလို တရားစွဲဖို့ တိုက်တွန်း လိုက်တာ ဖြစ်ပါတယ်။
မြောက်ကိုးရီးယား ဘက်ကတော့ အဲဒီ အစီရင်ခံစာပါ အချက်အလက် တွေကို ချေဖျက် နိုင်ဖို့ ကြိုးစား နေတာ တွေ့ရပြီး တကယ်လို့ တရားစွဲ ခံရတဲ့ အထိ ဖြစ်လာရင်တော့ မြောက်ကိုးရီးယား ခေါင်းဆောင် ကင်မ် ဂျုံအန်း အနေနဲ့ အမှု ရင်ဆိုင်ရဖွယ် ရှိပါတယ်။
ဒါပေမယ့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ဒီကိစ္စကို ရှေ့ဆက် မတိုးနိုင်အောင် တရုတ်နဲ့ ရုရှား တို့က ပိတ်ဆို့ ကန့်ကွက်ဖွယ်လည်း ရှိနေပါတယ်။




