တရုတ်နဲ့ အမေရိကန် ကာဗွန် လျှော့ချဖို့ ကတိပြု

ဓာတ်ပုံ ရင်းမြစ်, Getty
တရုတ် နိုင်ငံနဲ့ အမေရိကန် နိုင်ငံ တို့ဟာ ဖန်လုံအိမ် ဓာတ်ငွေ့ လျှော့ချဖို့ ကန့်သတ်ချက် အသစ်တွေကို ထုတ်ဖော် ကြေညာ ခဲ့ကြပါတယ်။
ဘေဂျင်းမြို့မှာ တရုတ်နဲ့ အမေရိကန် သမ္မတ နှစ်ဦး ပြောဆို ဆွေးနွေး ခဲ့ကြပြီး နောက်ပိုင်း ဒီကြေညာချက် ထွက်လာတာ ဖြစ်ပါတယ်။
အမေရိကန်က ၂၀၂၅ မတိုင်မီမှာ ကာဗွန် ထုတ်လွှတ်မှုကို ပျမ်းမျှ ၂၇ ရာခိုင်နှုန်း အထိ လျှော့ချ သွားမယ်လို့ ဆိုပါတယ်။
တရုတ်ဘက်ကတော့ ကာဗွန်ဓာတ်ငွေ့ လျှော့ချမှုကို အတိအကျ မဖော်ပြပေမယ့် ၂၀၃၀ ခုနှစ်အထိ အများဆုံး ထုတ်လွှတ်မှာ ဖြစ်ပြီး အဲဒီနောက်မှာ လျှော့ချသွားမယ်လို့ ကတိပြုခဲ့ပါတယ်။
ကျွမ်းကျင်သူတွေက အခု ကြေညာချက်ဟာ ထူးခြားမှု မရှိဘူးလို့ ပြောပေမယ့် သမ္မတ အိုဘားမား ကတော့ ဒါဟာ တရုတ်နဲ့ အမေရိကန် ဆက်ဆံရေးမှာ သမိုင်းဝင် ခြေလှမ်း တစ်ရပ်လို့ ပြောပါတယ်။
တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံရဲ့ ကာဗွန် ထုတ်လွှတ်မှုဟာ ကမ္ဘာ့ ကာဗွန် ထုတ်လွှတ်မှုရဲ့ ၄၅ ရာခိုင်နှုန်း ရှိပါတယ်။




