အိန္ဒိယ အမျိုးသမီး ၉ ဦး သားကြောဖြတ်ရာမှာ သေဆုံး

ဓာတ်ပုံ ရင်းမြစ်, epa
အိန္ဒိယနိုင်ငံ အလယ်ပိုင်းက ဒေသန္တရ အစိုးရ ဆေးခန်း တစ်ခုမှာ အမျိုးသမီးတွေ သားကြော ဖြတ်ရာမှာ ၉ ဦး သေဆုံးပြီး ၅၃ ဦးကို ဆေးရုံ ပို့လိုက်ရတယ်လို့ သိရပါတယ်။
အသက် ၂၆ နှစ်ကနေ ၄၀ အတွင်း ရှိတဲ့ အမျိုးသမီး ၈၃ ယောက်ကို ဆရာဝန် တစ်ဦးနဲ့ လက်ထောက် ဆရာဝန် တစ်ဦးတို့က ၆ နာရီ အတွင်းမှာ သားကြော ဖြတ်ပေးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီ အမျိုးသမီးတွေဟာ သားကြောဖြတ် ပြီးပြီးချင်းမှာပဲ ကိုယ်ပူ ကိုက်ခဲတာတွေ ဖြစ်လာတယ်လို့ ဆိုပါတယ်။
အိန္ဒိယမှာ ၁ ဒသမ ၃ ဘီလျံ ရှိတဲ့ လူဦးရေကို ထိန်းချုပ်ဖို့အတွက် အမျိုးသမီးတွေကို သားကြောဖြတ်ပေးတဲ့ ဆေးခန်းတွေကို အစိုးရက ဖွင့်လှစ် ပေးထားတာ ဖြစ်ပါတယ်။
ဒီအမှုကို စုံစမ်း စစ်ဆေးဖို့ အိန္ဒိယ အစိုးရ ကျန်းမာရေး ဌာနက ညွှန်ကြားထားပြီး အမှုမှာ တာဝန်ရှိတဲ့ ဆရာဝန်ကြီး ၄ ဦးကို ရာထူးကနေ ချထား လိုက်တယ်လို့ ဆိုပါတယ်။
ရာထူးချခံရတဲ့ အဲဒီ ဆရာဝန်တွေထဲက တစ်ဦးဟာ မနှစ်တုန်းက အမျိုးသမီး ၅ သောင်းလောက်ကို သားကြောဖြတ် ပေးခဲ့တဲ့အတွက် အစိုးရရဲ့ ဆုချီးမြှင့်တာ ခံခဲ့ရသူလို့ သိရပါတယ်။




