ခရစ္စမတ် သစ်ပင်ပုံ မျှော်စင် တောင်ကိုရီးယား ဖြိုချ

ဓာတ်ပုံ ရင်းမြစ်, AP
မြောက်ကိုရီးယားနဲ့ နယ်စပ်မှာ ရှိတဲ့ တောင်ကိုရီးယား ဘက်ခြမ်းက ခရစ္စမတ် သစ်ပင် ပုံစံ မျှော်စင် အဆောက်အဦကို တောင်ကိုရီးယား အစိုးရက ဖြိုချ လိုက်ပါတယ်။
ပေ ၆၀ အမြင့် ရှိတဲ့ ဒီမျှော်စင်မှာ ခရစ်ယာန် အဖွဲ့အစည်းတွေက ခရစ္စမတ် ကာလ ရောက်တိုင်း ရောင်စုံ မီးတွေနဲ့ အလှဆင် နေကျ ဖြစ်ပြီး ဒီအပြုအမူ အပေါ် ဘာသာရေး အယုံအကြည် မရှိတဲ့ မြောက်ကိုရီးယား အတွက်တော့ မနှစ်မြို့စရာ ဖြစ်ခဲ့ပါတယ်။
အခုတော့ တောင်ကိုရီးယားက ဒီ မျှော်စင်ကို ဖြိုချခဲ့ တာဟာ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး ပိုမို ကောင်းမွန် စေဖို့ ပြုလုပ်တာလို့ သုံးသပ်မှုတွေ ရှိနေပြီး တောင်ကိုရီးယား ကတော့ ဒါကို ငြင်းဆို ပါတယ်။
၁၉၇၁ ခုနှစ်က ဆောက်လုပ် ခဲ့ပြီး အနှစ် ၄၀ ကျော် သက်တမ်း ရှိလာတဲ့ ဒီမျှော်စင်ဟာ လူတွေ တက်ရောက်ဖို့ စိတ်မချရ တော့တဲ့ အတွက် ဖြိုချရတာ ဖြစ်တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။




