မာလာလာနဲ့ ဆတ်တီယာသီ နိုဘဲလ် ငြိမ်းချမ်းရေးဆုရ

မာလာလာနဲ့ ဆတ်တီယာသီ ၂ဦးလုံး ကလေး အခွင့်အရေး အတွက် လှုပ်ရှား

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, မာလာလာနဲ့ ဆတ်တီယာသီ ၂ဦးလုံး ကလေး အခွင့်အရေး အတွက် လှုပ်ရှား

၂၀၁၄ ခုနှစ် အတွက် နိုဘဲလ် ငြိမ်းချမ်းရေး ဆုကို ကလေးသူငယ် တွေရဲ့ ရပိုင်ခွင့် အတွက် စည်းရုံး လှုပ်ရှားတဲ့ ပါကစ္စတန်က မာလာလာ ယူစွတ်ဇေ နဲ့ အိန္ဒိယက ကိုင်လက်ရှ် ဆတ်တီယာသီ တို့က ပူးတွဲ ဆွတ်ခူး သွားကြပါတယ်။

အသက် ၁၇ နှစ်အရွယ် မာလာလာဟာ နိုဘဲလ် ငြိမ်းချမ်းရေးဆု ရရှိဖူးသူတွေထဲမှာ အသက် အငယ်ဆုံး ရရှိသူ ဖြစ်ပြီး အမျိုးသမီးတွေ ပညာသင်ခွင့် ရရှိရေး အတွက် လှုံ့ဆော်လို့ ၂၀၁၂ အောက်တိုဘာ လတုန်းက တာလီဘန်တွေ ရဲ့ ပစ်ခတ်မှု ခံခဲ့ရသူ ဖြစ်ပါတယ်။

အသက် ၆၀ အရွယ် မစ္စတာ ဆတ်တီယာသီ ကတော့ ကလေးသူငယ်တွေကို အဓမ္မ အလုပ်စေခိုင်းမှု ဆန့်ကျင်တဲ့ လှုပ်ရှားမှု အပါအဝင် ကလေးသူငယ် တွေရဲ့ အခွင့်အရေးကို အကာအကွယ် ပေးနိုင်ဖို့ ဆယ်စုနှစ်နဲ့ချီ လှုပ်ရှား လာခဲ့သူ ဖြစ်ပါတယ်။