IS အဖွဲ့နဲ့ ကာဒစ်ရှ်တပ် တိုက်ပွဲပြင်းထန်

ဓာတ်ပုံ ရင်းမြစ်, Reuters
အီရတ်နဲ့ ဆီးရီးယား အကြား အဓိက နယ်စပ် အဝင်အထွက် နေရာမှာ IS အစ္စလာမ်မစ် နိုင်ငံအဖွဲ့ စစ်သွေးကြွတွေနဲ့ ကာဒစ်ရှ် တပ်ဖွဲ့ဝင်တွေ အကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပါတယ်။
IS အဖွဲ့တွေ လက်ထဲက ရာဘီယာ Rabia မြို့ကို အီရတ် ဘက်အခြမ်းမှာ ရှိတဲ့ ကာဒစ်ရှ် တပ်ဖွဲ့တွေက ပြန်လည် သိမ်းပိုက် နိုင်ခဲ့ပေမယ့် အထိအခိုက် အကျအဆုံး များခဲ့တယ်လို့ သိရပါတယ်။
ဆီးရီးယား ဘက်ခြမ်းမှာတော့ IS စစ်သွေးကြွတွေက ကျေးရွာတွေ အတော်များအများကို သိမ်းပိုက် လိုက်ပြီး ကာ့ဒ်တပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။
ဆီးရီးယားနဲ့ အီရတ် နှစ်ဘက်လုံးမှာ ရှိတဲ့ IS စစ်သွေးကြွတွေကို အမေရိကန် ဦးဆောင်တဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင် နေချိန်မှာပဲ ခုလို ကာဒစ်ရှ် တပ်ဖွဲ့တွေဘက်က အထိနာနေတာ ဖြစ်ပါတယ်။
တစ်ခါ ဆီးရီးယားထဲက IS တွေရဲ့ နယ်စပ် ဖြတ်ကျော် တိုက်ခိုက်တာကို ခံနေရတဲ့ လက်ဘနွန်ကိုလည်း အီရန်က စစ်ရေး အကူအညီ ပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။ လက်ဘနွန် နိုင်ငံ မြို့တော် ဘေရွတ်ကို ရောက်ရှိနေတဲ့ အီရန် အမျိုးသား လုံခြုံရေးရာ ကောင်စီရဲ့ အကြီးအကဲက အခုလို ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။




