၇၂နာရီ အပစ်ရပ်ဖို့ အစ္စရေးနဲ့ ဟားမာ့စ် သဘောတူ

ဓာတ်ပုံ ရင်းမြစ်, AFP
ဂါဇာ ကမ်းမြောင်ဒေသမှာ အင်္ဂါနေ့ မနက်က စလို့ ၃ရက်ကြာ အပစ်ရပ်ဖို့ အီဂျစ်အစိုးရရဲ့ အဆိုပြုချက်ကို အစ္စရေးနဲ့ ဟားမာ့စ်တို့က လက်ခံလိုက်ပြီလို့ နှစ်ဘက် တာဝန်ရှိ ပုဂ္ဂိုလ်တွေက ပြောပါတယ်။
အပစ်ရပ်ရေး အဆိုပြုချက်ကို အစ္စရေးတို့ဖက်က စည်းမျဉ်း ကန့်သတ်ချက် မရှိ လက်ခံမှာ ဖြစ်ပြီး ကိုင်ရိုမြို့ဆီ ကိုယ်စားလှယ် အဖွဲ့တဖွဲ့ စေလွှတ်မယ်လို့ ပြောပါတယ်။
အဲဒီ ၃ရက်ကြာ အပစ်အခတ် ရပ်ပြီးတဲ့အခါ အမြဲတန်း အပစ်ရပ်ရေးနဲ့ တည်ငြိမ်အေးချမ်းမှုတွေ ပြန်တည်ဆောက်နိုင်ရေး ရည်ရွယ်တဲ့ ဆွေးနွေးမှုတွေ လုပ်နိုင်ဖို့ မျှော်လင့်ကြောင်း အီဂျစ် နိုင်ငံခြားရေး ဌာနက ပြောပါတယ်။
ပါလက်စတိုင်း ကိုယ်စားလှယ်တွေကတော့ ဆွေးနွေးပြောဆိုမှုတွေ လုပ်ဖို့ အီဂျစ်နိုင်ငံကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။
ဂါဇာ ဒေသက နေရာတချို့မှာတော့ ၇နာရီကြာ အပစ်ရပ်ထားမှု အဆုံးသတ်သွား ပြီးတဲ့နောက် အစ္စရေးစစ်တပ်ဘက်က စစ်ရေး တိုက်ခိုက်မှုတွေ အပြည့်အဝ ပြန်လုပ်ခဲ့ပါတယ်။
မနေ့က တနေ့လုံး အကြမ်းဖက် တိုက်ခိုက်မှု ပမာဏ လျော့ကျသွားပေမယ့် အစ္စရေးတို့ဘက်က အပစ်ရပ်ရေးကို ချိုးဖောက်ပြီး ဂါဇာဒေသ မြောက်ပိုင်းက ဒုက္ခသည်စခန်းတခုကို ဗုံးကြဲခဲ့တဲ့အတွက် အမျိုးသမီး တဦးနဲ့ ၈နှစ် သမီးတဦး သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်းတို့က ပြောပါတယ်။
အစ္စရေး တို့ဘက်ကလည်း ပါလက်စတိုင်း လက်နက်ကိုင်တွေက အစ္စရေးနိုင်ငံထဲ ရော့ကက် ဒုံးတွေနဲ့ ဆက်ပစ်နေတယ်လို့ ဆိုပါတယ်။
တလကြာ တိုက်ခိုက်မှုတွေအတွင်း ပါလက်စတိုင်း တထောင့် ရှစ်ရာကျော် သေဆုံးခဲ့ပြီး ဖြစ်တယ်လို့ ဂါဇာဒေသက ကျန်းမာရေး တာဝန်ရှိ ပုဂ္ဂိုလ်တွေက ပြောပါတယ်။
အစ္စရေးတို့ဘက်ကလည်း ၆၇ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။








