အီဘိုလာ အတွက် သန်း ၁၀၀ တန် စီမံကိန်း စတင်

ဓာတ်ပုံ ရင်းမြစ်, epa
အနောက် အာဖရိကမှာ ဖြစ်ပွားနေတဲ့ အီဘိုလာ ရောဂါဆိုးကြီးကို တိုက်ဖျက်ဖို့အတွက် ဒေါ်လာ သန်း ၁၀၀ တန် စီမံကိန်း တခုကို ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO က စတင် အကောင်အထည် ဖော်နေပြီ ဖြစ်ပါတယ်။
ဂင်နီ၊ လိုင်ဘေးရီးယားနဲ့ ဆီရီယာ လေယွန်း နိုင်ငံတွေက သမ္မတတွေနဲ့ WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ ညွှန်ကြားရေး မှူးချုပ် မာဂရက် ချန်း Margaret Chan တို့ ဂင်နီ နိုင်ငံမှာ တွေ့ဆုံနေ ကြပါတယ်။
အီဘိုလာ ရောဂါ ပြန့်ပွားတဲ့နှုန်းဟာ ထိန်းချုပ် ကာကွယ်နိုင်တဲ့ နှုန်းထက် ပိုမို မြန်ဆန်နေတယ်လို့ WHO ညွှန်ကြားရေး မှူးချုပ် မာဂရက် ချန်းက ပြောပါတယ်။
ဖေဖော်ဝါရီ လကစပြီး ဒီနိုင်ငံ တွေမှာ အီဘိုလာ ရောဂါကြောင့် လူ ၇ဝဝ ကျော် သေဆုံး ခဲ့ရပြီ ဖြစ်ပါတယ်။
ဒီရောဂါကို အမြန် ထိန်းချုပ်နိုင်ဖို့ ဆေးဝါး ကျွမ်းကျင်သူတွေ ပိုပြီး လိုအပ်နေတယ်လို့လည်း WHO က ပြောကြား ပါတယ်။




