တရုတ် ကျေးလက် အလုပ်သမားတွေအတွက် စီမံကိန်း

ဓာတ်ပုံ ရင်းမြစ်, epa
တရုတ် နိုင်ငံမှာ လာမယ့် ၅ နှစ်တာ ကာလ အတွင်း ကျေးလက် တောရွာက သန်းပေါင်း ရာနဲ့ချီတဲ့ အလုပ်သမား တွေကို မြို့ကြီး ပြကြီးတွေဆီ ပြောင်းရွှေ့ နေရာချထားရေး စီမံကိန်းတွေကို တရုတ် အစိုးရက ထုတ်ဖော် ကြေညာ လိုက်ပါတယ်။
ကျေးလက်ကနေ လာရောက် အလုပ်လုပ်ကိုင် နေကြတဲ့ ရွှေ့ပြောင်း အလုပ်သမား သန်းပေါင်း များစွာကို မြို့ကြီးတွေမှာ လူမှု ဝန်ဆောင်မှု ခံစားခွင့်တွေ ပိတ်ပင် တားမြစ် ထားတာတွေကို အဆင့်လိုက် ဖြေလျှော့ပေးမယ့် အခြေခံဘောင် စီမံကိန်း တခုကို အစိုးရက ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
တရုတ် နိုင်ငံမှာ အခြေခံ စားသုံးသူ အရေအတွက်ကို တိုးမြှင့်ဖို့နဲ့ စီးပွားရေး တိုးတက်လာအောင် အားပေး မြှင့်တင်ဖို့ အစိုးရက ကြိုးပမ်းနေရာမှာ ၂၀၂၀ ခုနှစ် မတိုင်ခင် လူဦးရေ စုစုပေါင်းရဲ့ ၆၀ ရာခိုင်နှုန်းကို မြို့ပြ ဒေသတွေဆီ ရွှေ့ပြောင်း ချထားဖို့ တရုတ် အစိုးရက ရည်မှန်းထားပါတယ်။
ဒါပေမယ့်လည်း စည်းစနစ်တကျ ရွှေ့ပြောင်း အခြေစိုက်မှုတွေ လုပ်နိုင်အောင် အာဏာပိုင်တွေက ကြိုးစား လုပ်ဆောင်တဲ့ အနေနဲ့ အကြီးမားဆုံး မြို့ကြီးတွေမှာတော့ ဒေသခံတွေရဲ့ အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး တင်းကြပ်တဲ့ ကန့်သတ်မှုတွေ ဆက်ထားထားမှာ ဖြစ်ပါတယ်။




