ယူကရိန်း အရှေ့ခြမ်း တိုက်ပွဲတွေ ပြင်းထန်

ဓာတ်ပုံ ရင်းမြစ်, AFP
ယူကရိန်း နိုင်ငံ အရှေ့ခြမ်း မှာ၊ အစိုးရတပ် နဲ့ ရုရှား လိုလားသူ သူပုန်တွေ အကြား၊ ၂ ရက်မြောက် တိုက်ပွဲ ဆက်လက် ပြင်းထန်နေ ဆဲ ဖြစ်တဲ့ အတွက်၊ နယ်သလန် နဲ့ ဩစတြေးလျ ကျွမ်းကျင်သူတွေ ဟာ၊ မလေးလေယာဉ် MH 17 ပျက်ကျခဲ့ရာ နေရာကို မသွားရောက်နိုင် ပဲ ဖြစ်နေပါတယ်။
လုပ်စရာ ရှိတဲ့ အလုပ်တွေ မလုပ်ရပဲ၊ စောင့်နေရတာ ဟာ၊ အလွန် စိတ်ပျက်ဖို့ ကောင်းပါတယ် လို့၊ နယ်သလန်က ကျွမ်းကျင်သူတွေ ကို ဦးဆောင်လာသူ ပီတာ ရက်ပ် အော်လ်ဘာစ်ဘာ့ဂ် က၊ ပြောပါတယ်။
ယူကရိန်းတပ်တွေ ဟာ၊ လေယာဉ် ပျက်ကျခဲ့ရာ အရပ် ရှိရာဆီ၊ တက်လာနိုင်ခဲ့တယ် လို့ အစိုးရက ပြောပါတယ်။ တကယ်ပျက်ကျရာ အရပ်မှာတော့ တိုက်ပွဲတွေ ဖြစ်မနေဘူးလို့ ဆိုပါတယ်။
ဒီအချိန်မှာပဲ၊ ယူကရိန်း အရှေ့ဘက် ဒွန်းညက်စ် မြို့မှာ ရှိနေတဲ့၊ ခွဲထွက်ရေး သူပုန်တွေရဲ့ ခေါင်းဆောင်ဖြစ်ပြီး၊ မိမိဘာသာ ဝန်ကြီးချူပ် အဖြစ် ကြေညာ ထားသူ၊ အလက်ဇန္ဒြာ ဘောရိုဒိုင်း ဟာ၊ ရုရှားနိုင်ငံ ကို ထွက်ခွာ သွားပြီ လို့ သိရပါ တယ်။
တခါ၊ ယူကရိန်း အရေးနဲ့ ပတ်သက်ပြီး၊ ရုရှား သမ္မတ ပူတင် အနေနဲ့၊ သူ့ရဲ့ မူဝါဒ သဘောထားတွေ အပြောင်းအလဲ လုပ်မယ့် အရိပ်အယောင် မတွေ့ရတဲ့ အတွက်၊ ရုရှား အပေါ်၊ ပိတ်ဆို့ အရေးယူမှုတွေ ပိုမို တိုးချဲ့ လုပ်ဆောင်ဖို့၊ အမေရိကန် သမ္မတ အိုဘားမားနဲ့ ဥရောပ သမဂ္ဂ ခေါင်းဆောင်တွေ၊ သဘော တူခဲ့ပါ တယ်။
အသေးစိတ် အချက်အလက်တွေကို တော့၊ ၂၉ ဂျူလိုင်မှာ ကျင်းပမယ့်၊ ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေက ကိုယ်စားလှယ်တွေ ရဲ့ အစည်းအဝေးမှာ၊ အဆုံးသတ် ဆုံးဖြတ် ကြပါလိမ့်မယ်။ ဒီတခေါက် ပိတ်ဆို့မှုတွေ ဟာ၊ ရုရှားရဲ့ ကာကွယ်ရေး၊ စွမ်းအင် နဲ့ ဘဏ်လုပ်ငန်းတွေ အပေါ် ပစ်မှတ်ထား လာလိမ့်မယ်လို့ ယူဆရပါ တယ်။




