ရုရှားရဲ့ စစ်ရေးစွက်ဖက်မှု၊ အမေရိကန်ပြော

_russia_missile

ဓာတ်ပုံ ရင်းမြစ်, AFP Getty

ဓာတ်ပုံ ပုံစာ, အချက်အရေ အများကြီး ပစ်ခတ်နိုင်စွမ်းတဲ့ ရုရှားလုပ် ရော့ကက် လောင်ချာ

ယူကရိန်း ရဲ့ စစ်ရေး ပစ်မှတ်တွေ ကို၊ ရုရှားက၊ ရုရှားနယ်မြေ ထဲကနေ၊ လက်နက်ကြီးတွေ နဲ့ ပစ်ခတ် နေတာကို ဖော်ပြ တဲ့ အထောက်အထား တွေ သူတို့မှာ ရှိတယ် ဆိုပြီး၊ အမေရိကန် နိုင်ငံခြားရေးဌာန က ပြောလိုက်ပါတယ်။

ဒါတင်မက၊ ယူကရိန်း အရှေ့ဘက်ခြမ်း က ခွဲထွက်ရေး သူပုန်တွေကို၊ ပိုပြီး စွမ်းရည်မြင့်တဲ့ ဆက်တိုက် ပစ်ခတ်နိုင်တဲ့ ဒုံးကျည်တွေ ထောက်ပံ့ဖို့၊ ရုရှား အစိုးရက စီစဉ်နေတဲ့ အထောက်အထား တွေလည်း ရှိတယ် လို့၊ အမေရိကန် နိုင်ငံခြားရေးဌာန က ပြောခွင့်ရသူ၊ Marie Harf က ဆိုပါတယ်။

ယူကရိန်းက ခွဲထွက်ရေး သူပုန်တွေကို၊ ဒုံးကျည် တွေ ပေးခဲ့တာမျိုး မရှိဘူးလို့၊ ရုရှားက အစောပိုင်း ကတည်းက ငြင်းဆို ထားနှင့်ပြီး ဖြစ်ပါတယ်။

ယူကရိန်း အရှေ့ခြမ်း တိုက်ပွဲတွေကြောင့်၊ မလေးလေယာဉ် ပျက်ကျခဲ့ရာ နေရာကို၊ နိုင်ငံတကာ စုံစမ်းရေး အဖွဲ့တွေ၊ လွတ်လပ်စွာ စမ်းစစ်ခွင့် ရှိမနေပါဘူး။

ဒီအချိန်မှာပဲ၊ ယူကရိန်း အစိုးရတွင်းမှာ၊ အပြောင်းအလဲ တွေ ပေါ်ပေါက် လာပါတယ်။

လက်ရှိ ယူကရိန်း ညွန့်ပေါင်း အစိုးရထဲကနေ၊ အဓိက ပါတီနှစ်ရပ်၊ နှုတ်ထွက် သွားတဲ့နောက် မှာ၊ ဝန်ကြီးချူပ် အာဆင်းနီ ယက်ဆင်ညု လည်း၊ ရာထူးကနေ နှုတ်ထွက် လိုက်ပါတယ်။

ဒီလို ဖြစ်ရပ်ကြောင့်၊ လာမယ့် သီတင်းပတ် အနည်းငယ် အတွင်းမှာ ပဲ၊ ယူကရိန်းနိုင်ငံ မှာ ရွေးကောက်ပွဲတွေ စောစီးစွာ ကျင်းပ လာနိုင်ပါတယ်။

အခု ဝန်ကြီးချူပ် နေရာကို၊ မလေးလေယာဉ် ကိစ္စကို ယူကရိန်း အစိုးရ ကော်မရှင် အနေနဲ့ ဦးဆောင်နေသူ၊ ဗလော်ဒေါ်ဗီယာ ဟိုရိုက်စ်မဲန်က၊ ယာယီ တာဝန်ယူထားပါတယ်။