ယူကရိန်း စစ်လေယာဉ် ၂ စီး ပစ်ချခံရ

ဓာတ်ပုံ ရင်းမြစ်, epa
ယူကရိန်း နိုင်ငံ အရှေ့ပိုင်းမှာ ရုရှား လိုလားသူ ခွဲထွက်ရေး သူပုန်တွေက ယူကရိန်း စစ်လေယာဉ် နှစ်စီးကို ပစ်ချလိုက်တယ်လို့ ယူကရိန်း အာဏာပိုင်တွေက ပြောပါတယ်။
Savur-Mohyla မြို့ပေါ်မှာ စစ်လေယာဉ် နှစ်စီး ပစ်ချခံခဲ့ရကြောင်းနဲ့ လေယာဉ် မှူးတွေရဲ့ ကံကြမ္မာနဲ့ ပတ်သက်လို့တော့ ဘာသတင်းမှ မသိရသေးကြောင်း ယူကရိန်း အစိုးရ ပြောရေးဆိုခွင့် ရှိသူက ပြောပါတယ်။
အဲဒီနေရာဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က မလေးရှား လေယာဉ် ပစ်ချခံခဲ့ရတဲ့ နေရာနဲ့ သိပ်မဝေးပါဘူး။
သူပုန်တွေဘက်ကတော့ Donetsk ဒေသ အတွင်းမှာ လေယာဉ် တစ်စီးကို သူတို့ ပစ်ချခဲ့တယ်လို့ ပြောပါတယ်။
ဗုဒ္ဓဟူးနေ့ ဒီကနေ့ စောစောပိုင်းမှာ သူပုန်တွေက Donetsk မြို့ ဆင်ခြေဖုံး ဒေသကနေ မြို့လယ်ကို ဆုတ်ခွာခဲ့ကြပါတယ်။
ခွဲထွက်ရေး သူပုန်တွေရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ရုရှား အရာရှိဟောင်း Igor Strelkov က သူတို့ တပ်ဖွဲ့တွေ အစီအစဉ်တကျ ဆုတ်ခွာခဲ့ကြပြီး မြို့တွင်းကနေ ခုခံဖို့ အသင့် ရှိတယ်လို့ ပြောကြောင်း သိရပါတယ်။
ယူကရိန်း အစိုးရကတော့ သူပုန်တွေဟာ Donetsk မြို့ကနေ အားလုံး ဆုတ်ခွာဖို့ အသင့်ပြင်နေတာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းပါတယ်။
ဝန်ကြီးချုပ် Arseny Yatsenyuk က သူ့အဆို အကြမ်းဖက် သမားတွေကို အထောက်အပံ့ ပေးနေတဲ့ ရုရှားနိုင်ငံသား တစ်ယောက်ချင်းစီကိုရော ကုမ္ပဏီတွေကိုပါ ပိတ်ဆို့ အရေးယူသွားမယ်လို့ ပြောပါတယ်။








